နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖြန့် (ခ) အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ဖမ်းဆီးရမိထားသူများကို ကျွေးမွေး ရသည့် စားစရိတ်အပါအဝင် နေ့စဉ်ကုန်ကျစရိတ်များ မတတ်နိုင်တော့၍ သက်ဆိုင်ရာနိုင်ငံများ အနေဖြင့် အမြန်ဆုံးလာခေါ်ကြရန် အာဏာသိမ်း စစ်ကော်မရှင်က ဆိုသည်။

ယင်းဖမ်းဆီးရမိထားသော နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံမှတဆင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် သိက္ခာမကျအောင် လုပ်ပေးနေရသလို တာဝန်များ အင်မတန်ကြီးကြောင်း စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန် ပြောကြားလာခြင်း ဖြစ်သည်။

“သူတို့နိုင်ငံရဲ့ အစိုးရတွေ လာမခေါ်မချင်း သူတို့ကို ထိန်းသိမ်းထားရတဲ့တာဝန် အင်မတန်ကြီးပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ အစားအစာအပြင် သောက်ရေ၊ သုံးရေကအစ ဝတ်စရာနဲ့ အိပ်ရာအဆုံး အားလုံးဖြည့်ဆည်း ပေးထားရတယ်” ဟု ၎င်းက ဆိုသည်။

စားစရိတ်ပင် တစ်နေ့သုံးနပ်စာအတွက် တစ်ဦးကို တစ်သောင်းခွဲကျပ်နှုန်း အနည်းဆုံးကုန်ကျ၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှ ယခုနှစ် နိုဝင်ဘာ ၂၂ ရက်အထိ ငွေကျပ်သိန်း တစ်သောင်းသုံးထောင်ကျော် (၁,၃၃၆,၀၅၀,၀၀၀ ကျပ်) သုံးစွဲကုန်ကျခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ သိရသည်။

“နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံသိက္ခာမကျအောင် အခုလိုဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံသားကို အမြန်ဆုံး လာရောက်ခေါ်ဆောင်ပေးကြဖို့ကိုလည်း ပြောကြားလိုပါတယ်” ဟု စစ်ကော်မရှင်၏ ပြောခွင့်ရက ဆက်လက်ပြောသည်။

ကရင်ပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံက ဖွဲ့စည်းထားသည့် Scam Center Strike Force (SCSF) နှင့် အောက်လွှတ်တော်တွင် ထိုကိစ္စအား နှိမ်နင်းရေး ဆွေးနွေးမှုသည် ပွဲလှန့်တုန်း ဖျာခင်းခြင်းဖြစ်ကြောင်း ၎င်းက စွပ်စွဲထားသည်။

အဆိုပါဒေသတွင် KK Park ၊ ရွှေကုက္ကိုလ်နှင့် ကျောက်ခတ်ဟူ၍ ကျားဖြန့်ဂိုဏ်း သုံးခုရှိပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ယခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၈၅၈၂ ဦးကို ဖမ်းဆီးလွှဲပြောင်း ပေးထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။

သို့သော် အဆိုပါဖမ်းဆီးရမိသူများသည် အဓိကတာဝန်ရှိသော ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များ မဟုတ်ကြဘဲ ဝန်ထမ်းများနှင့် အလုပ်သမားများသာ ဖြစ်ကြကာ အဆောက်အအုံများအား အယောင်ပြ ဖြိုချဖျက်ဆီးပြနေကြောင်း မြေပြင်အရင်းအမြစ်များထံမှ သိရသည်။

စစ်ကော်မရှင်ကမူ ၎င်းတို့နှင့် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)၊ အပစ်ရပ်၍ ထိတွေ့ဆက်ဆံနေသော DKBA တို့၏ ပါဝင်လုပ်ကိုင် ပတ်သက်နေမှုများကို ဖုံးကွယ်၍ ထိုင်းနိုင်ငံအပြင် ၎င်းတို့ကို ခုခံတော်လှန်နေသည့် KNU အပေါ် အပြစ်တင် လွှဲချလျက်ရှိသည်။