ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအပြင်း အထန်ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ရက်နေ့မှစတင်ကာ မြေပြင်စစ်ကြောင်းအပြင် လေတပ်စစ်သင်္ဘောများမှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများပါ သုံး၍တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

“AAစစ်ကြောင်းထိုးတာ ရပ်သွားကတည်းက စစ်တပ်က အင်အားဖြည့်တယ်။ လက်လွှတ်ထားရတဲ့နေရာတွေကို စစ်ကြောင်းထိုးတက်တယ်။ သူတို့ပဲစစ်ကြောင်းထိုးပြီး သူတို့ပဲပြန်ဆုတ်ပြေးနေရတာတွေရှိပါတယ်” ဟု ကျောက်ဖြူရှိ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

AA သည် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က ကုလာဘာ ကျေးရွာအနီးကို စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများစွာနှင့် တပ်ဆုတ်ခဲ့ရသည်။

 

သို့သော်လည်း ယခုက်ပိုင်းတွင် စစ်ကော်မရှင်တပ်များက ကုလာဘာမှတစ်ဆင့် ဂေါ်တူတောင်အနီးထိ စစ်ကြောင်းထိုးလာပြီး ဒရုန်းများဖြင့်ပါပစ်ခတ်တက်လာနိုင်သည့်အတွက် AA တပ်အချို့ တပ်ဆုတ် ထားရသည့် အနေအထားရှိကြောင်း သိရသည်။

 

စစ်ကော်မရှင်နှင့် AA တပ်များ သည် ယမန်နေ့ အောက်တိုဘာ ၂၆ရက်ကလည်း ချောင်းဝနှင့် ကုလာဘာအနီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

ယခင်က AA တပ်စွဲထားသည့် သိုင်းချောင်းအနီးကို စစ်ကော်မရှင်တပ် ကဝင်ရောက်နေရာယူလာရာ ပြီးခဲ့သည့် အောက်တိုဘာ ၂၄ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကော်မရှင်တပ်များမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမှတ်(၃၂) ရဲတပ်ရင်းမှနေ၍ စစ်ကြောင်းထိုးတက်လာရာ AA တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကစဥ့်ကလျားဖြင့် တပ်ဆုတ်ပြေးရကြောင်း သိရသည်။

 

လက်ရှိတွင် စစ်ကော်မရှင်က ကျောက်ဖြူမြို့တွင်းပိုင်းကို ထိန်းချုပ်ထားဆဲဖြစ်ပြီး ရေတပ်များအတွင်း အင်အားဖြည့်ထားကာ တိုက်ပွဲဖြစ်ပွားရာနေရာများကို လေကြောင်းမှဆက်တိုက်ပစ်ကူပေးနေကြောင်း သိရသည်။

 

ဓာတ်ပုံ-AA Info Desk၊ စစ်ကော်မရှင် ကျော်တော်ရှိ အမှတ် (၃၇၇) အမြောက်တပ်ရင်းကို သိမ်းပိုက်စဉ်က တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း) ၊ စစ်ရေးလေ့ကျင့်နေသည့်စစ်ကော်မရှင်ရေတပ်ကိုတွေ့ရစဉ်(ပုံဟောင်း)