နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါတိုက်ပွဲများနှင့် ပတ်သက်၍ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၏ ပြောဆိုမှုကို ကန့်ကွက်ရှုတ်ချပြီး တိုက်ပွဲကြောင့် ဒေသခံလူထု ထိခိုက်နစ်နာမှုများအတွက် နှစ်ဖက်အဖွဲ့အစည်းများမှ တာဝန်ယူ ဖြေရှင်းပေးရန် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)က ယမန်နေ့အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ထိုတိုက်ပွဲများတွင် အရေးနိမ့်မှု၊ လက်လွတ်ဆုံးရှုံးရမှုများသည် SSPP က (အာဏာသိမ်း စစ်ကော်မရှင်) စစ်တပ်ကို ကူညီပေးမှု၊ လမ်းကြောင်းဖွင့်ပေးမှုကြောင့် ဖြစ်သည်ဟု ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်တွင် TNLA ပြောခွင့်ရ လွေးယေဦးက သတင်းမီဒီယာများကို ပြောဆိုခဲ့ပြီး ထိုကိစ္စသည် အခြေအမြစ်မရှိသော စွပ်စွဲမှုများသာဖြစ်ကြောင်း SSPP မှ တုံ့ပြန်ထားသည်။

“အခုဖြစ်နေတဲ့ဟာက ကျွန်တော်တို့ ဌာနချုပ်က မသိရဘဲနဲ့ ဒီအတိုင်းကြီး ထုတ်လွှင့်သွားတယ်ဆိုတာက ကျွန်တော်တို့ အဖွဲ့အစည်းကို ထိခိုက်တာပေါ့ဗျာ။ တကယ်လို့ ကိုယ်စားလှယ်ချင်း တွေ့ဆုံဖြစ်ရင် ခေါင်းစဉ်တစ်ခုအနေနဲ့ ကျွန်တော်တို့ ဆွေးနွေးသွားဖို့ ရှိတယ်” ဟု SSPP မှ ဒုဗိုလ်မှူးကြီး ဖုန်းဟန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ထုတ်ပြန်ရခြင်းမှာ လူထုနားယောင်ပြီး အဖြစ်မှန်မသိရဘဲ SSPP အပေါ် နားလည်မှု လွဲမည် ဆိုး၍ဖြစ်ကာ သတင်းမီဒီယာ ဖြေကြားမှုနှင့် ပတ်သက်၍လည်း ယခင်ကတည်းက TNLA ကိုယ်စားလှယ် များနှင့် နှစ်ဖက်တွေ့ဆုံမှုများတွင် ထည့်သွင်းဆွေးနွေးထားကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါစွပ်စွဲမှုများသည် လူထုနှင့် တော်လှန်ရေး အင်အားစုများအကြား ထင်ယောင်ထင်မှား ဖြစ်စေ သည့်အပြင် ၎င်းတို့ကို နိုင်ငံရေးအရ ထိုးနှက်လိုမှု၊ လူထုများအကြား စည်းရုံးရေး ကျဆင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် ကြွက်မနိုင် ကျီမီးရှို့ဆိုသည့် ရန်လိုမှု အသုံးအနှုန်းဖြင့် ပြောဆိုသွားခြင်းဖြစ်ကြောင်း SSPP က ဖော်ပြသည်။

ထို့ကြောင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချ၍ နောက်နောင် အလားတူလုပ်ကြံ သတင်းဖြန့်လွှင့်မှု မရှိစေရေးအတွက် ထိန်းသိမ်းကြပ်မတ်သွားရန် လိုအပ်ကြောင်းနှင့် နောင်ချို-ကျောက်မဲ-သီပေါ တိုက်ပွဲ များကြားတွင် ၎င်းတို့အနေဖြင့် မည်သည့်ဘက်မှ ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း SSPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် စစ်ဘေးဒဏ်ခံရသော စစ်ဘေးရှောင်လူထုများကို ကြိုးစားကူညီသည့် လူထုကယ်ဆယ်ရေး လုပ်ငန်းများသာ လုပ်ဆောင်ခဲ့သည်မှာ ဒေသခံလူထုများ အသိပင်ဖြစ်ပြီး တချိန်တည်း၌ နှစ်ဖက်သော စစ်တပ်နှင့် TNLA စစ်ကြောင်းများသည် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲများ ဖော်ဆောင်ကြောင်း ဆိုသည်။

ထိုတိုက်ပွဲများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ပိုင်ဆိုင်မှုများ ဆိုးရွားစွာထိခိုက် ပျက်စီးဆုံးရှုံး‌စေခဲ့ရ၍ အထူးဝမ်းနည်း စိတ်မကောင်းဖြစ်ရပြီး မဟုတ်မမှန် သတင်းဖြန့်လွှင့်မှုအတွက် TNLA ဘက်မှ တာဝန်ယူဖြေရှင်းပေးရန် လိုအပ်သည်ဟု SSPP က ထုတ်ပြန်‌ပြောဆို ဖော်ပြထားသည်။

ထို့အပြင် လူထုအသက်အိုးအိမ် စည်းစိမ်ပိုင်ဆိုင်မှု ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် နှစ်ဖက် သက်ဆိုင်သူအဖွဲ့အစည်းများက တာဝန်သိသိဖြင့် တာဝန်ယူဖြေရှင်းပေးရမည်ဟု ဒေသခံလူထုများ ကိုယ်စား SSPP/SSA မှ လေးနက်တည်ကြည်စွာ တိုက်တွန်းအသိပေးကြောင်း ထုတ်ပြန်ထားသည်။

SSPP ၏ ယခုထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနက သိရှိမေးမြန်းနိုင်ရန် TNLA တာဝန်ရှိသူများထံ တယ်လီဖုန်း၊ အွန်လိုင်းတို့မှ ဆက်သွယ်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည် ဖြေဆိုလာခြင်း မရှိသေးပေ။

ဓာတ်ပုံ-SSPP