ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ရှိ ကွမ်ဟယ်ကျေးရွာ နှင့် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့ဒေသ တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အရပ်သား ခြောက် ဦး သေဆုံးပြီး ရှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာပေါ်သို့ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကွမ်ဟယ်ကို ပေါင် ၅၀၀ နဲ့ ‌ရွာတည့်တည့်ပေါ် ကြဲချတာ။ ကလေးတစ်ယောက်အပါ ၆ ယောက် သေတယ်” ဟု နမ့်ဆန်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာနေ ကလေးငယ်တစ်ဦး၊ အမျိုးသမီး ငါးဦး၊ အမျိုးသားတစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံး ခဲ့ပြီး ရှစ် ဦး ဒဏ်ရာရရှိ ခဲ့သည်။ ထို့အပြင် နေအိမ် ၁၂ လုံး လည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်သည် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့၊ နမ့်မန်ရွာ ကိုလည်း အောက်တိုဘာ ၁၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့် တွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိကာ ကျောင်းဆောင်များလည်း ပျက်စီးသွားကြောင်း သိရသည်။

စစ်ကော်မရှင်တပ် သည် ယခု အောက်တိုဘာ ၁ ရက်မှ စတင်ကာ နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့၊ မန်တုံ၊ မိုင်းလုံ၊ မိုးမိတ် စသည့် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များကို လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ – နမ့်ဆန်၊ ကွမ်ဟယ်ကျေးရွာ‌ပေါ်သို့ စစ်ကော်မရှင် ဗုံးကြဲမှုကြောင့် သေဆုံးသွားသော ဒေသခံများကို တွေ့ရစဉ်။