နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီ မီးထွန်းပွဲတော်ကို အကြောင်းပြု၍ ၎င်းတို့၏ ရွေးကောက်ပွဲအစီအစဉ်အတွက် စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံ၌ ယမန်နေ့ အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့် စစ်ခေါင်းဆောင်က ထိုသို့ပြောဆို‌ ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

 

“အခုကျင်းပတဲ့ ဒီပါဝလီမီးထွန်းပွဲတော်ကြောင့် နိုင်ငံမှာ အခုချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်တဲ့ အခြေအနေကောင်းတွေ ရရှိခံစားနိုင်မယ် ဆိုတာကို ယုံကြည်တယ်” ဟု စစ်ခေါင်းဆောင်က ဟိန္ဒူ ဘာသာဝင်များအား ပြောကြားခဲ့သည်။

ထို့အပြင် စစ်ခေါင်းဆောင်က ၎င်းတို့အနေဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး အောင်မြင်စေရေးအတွက် အဖွဲ့အစည်းအသီးသီးကလည်း ဆောင်ရွက်သွားရန် လိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။

 

ယင်းအပြင် ဘာသာရေး၊ လူမှုရေး ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများ ရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

 

သို့သော် လက်ရှိတွင်မူ စစ်ခေါင်းဆောင် ဦးဆောင်သော စစ်ကော်မရှင်သည် ၎င်းတို့ အာဏာသိမ်း ပြီးနောက် ဘာသာလူမျိုးမရွေး၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ် နေသလို နိုင်ငံတစ်ဝန်း ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ထိုအခမ်းအနားသို့ စစ်ခေါင်းဆောင်နှင့် ဇနီးဖြစ်သူအပြင် စစ်ကော်မရှင် အဖွဲ့ဝင်များ၊ လက်အောက်ခံ ဝန်ကြီးများအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီး အကဲများ တက်ရောက်ကြကြောင်း သိရသည်။

 

အဆိုပါအထိမ်းအမှတ် အခမ်းအနားကို မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း ($MIFA$) နှင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ဟိန္ဒူမျိုးနွယ်စုများက စုပေါင်းကျင်းပခြင်းဖြစ်သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ဖော်ပြထားသည်။

 

ဓာတ်ပုံ-MOI