ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ကွယ်လွန်သွားသော နိုင်ငံကျော် အနုပညာရှင်၊ တေးရေးဆရာကြီး သော်ဒီဝေ၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာ ၁၈ ရက် တွင် ၈ မိုင်သုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

 

တေးရေးဆရာ သော်ဒီဝေသည် (ခ) ကဗျာဆရာ၊ ပန်းချီဆရာ ဝေချစ်ကို (ခ) ဦးခင်မောင်ဝေ ဖြစ်ပြီး အသက် (၇၂) နှစ်အရွယ်၌ အောက်တိုဘာ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

အနုပညာရှင်ကြီး သော်ဒီဝေသည် မြန်မာ့ရော့ခ်ဂီတလောကအတွက် သီချင်းပေါင်း နှစ်ရာကျော် ရေးသားခဲ့သည့်အပြင် ကဗျာနှင့် ပန်းချီကားများစွာကိုလည်း ရေးဆွဲခဲ့သူဖြစ်သည်။ ၎င်း၏လက်ရာများအနက် တေးသံရှင် လေးဖြူ သီဆိုထားသည့် “အလင်းရောင်” သီချင်းမှာ အထူးထင်ရှားပြီး နာမည်ကျော်ခဲ့ကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ သိရသည်။

 

တေးရေးဆရာ သော်ဒီဝေသည် အဆိုတော် ဟယ်ရီလင်းအတွက် သီချင်းများ ရေးသားရင်း ဂီတခရီးကို စတင်ခဲ့သော်လည်း ထင်ရှားအောင်မြင်မှု မရခဲ့ဘဲ နောက်ပိုင်းတွင် လေးဖြူအတွက် ရေးသားသည့် တေးများမှတစ်ဆင့် အောင်မြင်မှုရရှိခဲ့ကြောင်း မကွယ်လွန်မီ အင်တာဗျူးများတွင် ဖြေကြားခဲ့ဖူးသည်။

 

မြန်မာ့ရော့ခ်ဂီတရေစီးကြောင်းကို ဦးဆောင်သူတစ်ဦးဖြစ်သည့် တေးရေး သော်ဒီဝေ၏ သီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေသည့် “သတ္တုသံ တေးဂီတဖျော်ဖြေပွဲ” ကို ၂၀၁၈ ခုနှစ်တွင် IC အဖွဲ့၏ ပင်တိုင်အဆိုတော်များ အပါအဝင် တေးသံရှင်များစွာဖြင့် တင်ဆက်ခဲ့သည်။

 

ဓာတ်ပုံ – သန္တိသုခ လူမှုကူညီရေးအသင်း