
(ကလေး)၊ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကော်မရှင်မှ ရဟတ်ယာဉ်ဖြင့် တပ်အင်အားဖြည့်တင်းပြီး လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်ရေးစောင့်ကြည့်သူ ဒေသခံများထံမှ သိရှိရသည်။
စစ်ကော်မရှင်သည် ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့မနက်မှစ၍ Y-12 ရဟတ်နှင့် ATR-72 ရဟတ်ယာဥ်တို့ဖြင့် ကလေးမြို့တွင် ငါးကြိမ် နှင့် ဟံသာယာဝတီ(ပျူ)ရွာတွင် တစ်ကြိမ် တပ်အင်အားဖြည်းတင်နေကြောင်း သိရသည်။
“ကလေးမြို့မှာ မနက်ကတည်းက ရဟတ်ယာဥ် ငါးကြိမ်လောက် ဆင်းသွားတယ်။ ရဟတ်ယာဥ်တစ်ခါဆင်းရင် လူအင်အား၊ လက်နက်အင်အားတွေပါတယ်။ ဟံသာဝတီ (ပျူ) ရွာဘက်လည်း တစ်ကြိမ် ဆင်းတယ်။ ဒါမနေ့ကတစ်ရက်တည်း ကလေးမြို့မှာ ဆင်းသွားတာပါ။ အရင်ရက်တွေကလည်း ရဟတ်ယာဥ်ဆင်းတာတွေ ရှိတယ်” ဟု စစ်ရေးစောင့်ကြည့်သူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးမြို့တွင် ဆင်းသက်လာသော ရဟတ်ယာဉ်တွင် ပါလာသည့် စစ်ကော်မရှင်အဖွဲ့ဝင်နှင့် လက်နက်ခဲယမ်းများကို နယ်မြေခံ စစ်ကော်မရှင်မှ စစ်ကား ၁၁ စီးဖြင့် ကလေးမြို့နယ်မြောက်ပိုင်း စခန်းများသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကလေးမြို့နယ်မြောက်ပိုင်း ကလေး – ခမ်းပတ် ကားလမ်းမ တလျှောက် ပြန်လည်ထိန်းချုပ်ရန် စစ်ကော်မရှင်သည် ယခုရက်ပိုင်း ကြွေးကြော်ထားသလို တပ်အင်အားဖြည့်တင်းပြီး စစ်ကြောင်း ထိုးရန် ပြင်ဆင်နေခြင်းဖြစ်သည်။
“ကလေး – ခမ်းပတ် ကားလမ်းမ ပြန်သိမ်းမယ်ဆိုပြီး ကြွေးကြော်ထားတယ်။ စစ်ကြောင်း ထိုးဖို့လည်း ပြင်ဆင်နေကြတယ်။ အခု တပ်အင်အားဖြည့်တင်းနေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပြည်သူတွေရှောင်ဖို့ ပြောထားလို့ ရှောင်တဲ့သူတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကလေး – ခမ်းပတ် ကားလမ်းမအပြင် ကလေး – တမူး၊ ကလေး-ဂန့်ဂေါ ကားလမ်းကိုလည်း ထိုးစစ်ဆင်နိုင်ကြောင်း စစ်ရေးစောင့်ကြည့်သူများက သုံးသပ်ထားသည်။