
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
စစ်ကော်မရှင်(စစ်တပ်)အနေဖြင့် ၎င်းတို့အာဏာထိန်းချုပ်လိုက်မှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်တန့်သွားမှုကို EAO များနှင့် ယုံကြည်မှုတည်ဆောက်ခြင်းအား ပြန်လည်ဖော်ဆောင်ရန် အပစ်ရပ်အဖွဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က ထုတ်ပြန်ပြောဆိုသည်။
ထို့အပြင် နှစ်ဦးနှစ်ဖက် ယုံကြည်မှု မတည်ဆောက်နိုင်ခြင်းနှင့် လက်မှတ်ရေးထိုးထားသော သဘောတူ စာချုပ်အတိုင်း အကောင်အထည်မဖော်နိုင်ခြင်း စသည်တို့ကြောင့် အပစ်ရပ်စာချုပ် (NCA) အကောင်အထည် မဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း RCSSက ထောက်ပြထားသည်။
အစိုးရ၊ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့အကြား NCA လက်မှတ်ရေးထိုးမှုသည် အောက်တိုဘာ ၁၅ ရက်တွင် ၁၀ နှစ်ပြည့်ခဲ့ပြီး ထိုအတွက် စစ်ကော်မရှင်က နီးစပ်သူများနှင့် အခမ်းအနား ပြုလုပ်ခဲ့ပြီးနောက် RCSS က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
ယင်းအပြင် စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် ပြုလုပ်သည့် NCA အခမ်းအနားများကိုလည်း တက်ရောက်ခဲ့ခြင်းမရှိဘဲ ကိုယ်တိုင်တက်ရောက်လေ့ရှိသည့် RCSS ၏ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ယခုနှစ်တွင်မူ ကိုယ်စားလှယ်သာ စေလွှတ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်သည် လက်ရှိလက်ကျန် အပစ်ရပ်အဖွဲ့များ၏ မဟာမိတ်အဖွဲ့ – 7 EAO Alliance ခေါင်းဆောင်လည်းဖြစ်ပြီး NCA ၁၀ နှစ်ပြည့် အခမ်းအနား ဖြစ်မြောက်ရေး၊ ဖိတ်ကြားရေးတို့အတွက် တွေ့ဆုံမှုများတွင်သာ တက်ရောက်ခဲ့သည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ သိရှိမေးမြန်းနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနက တယ်လီ ဖုန်းဖြင့် ထုတ်ပြန်ချက်ပါ RCSS တာဝန်ရှိသူများထံ အကြိမ်ကြိမ်တိုင် ဆက်သွယ်ခဲ့သော်လည်း လက်ရှိ အချိန်ထိ ပြန်လည်ဖြေဆိုခြင်း မရှိပေ။
RCSS ကမူ အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် စစ်ကော်မရှင် (စစ်တပ်) အနေဖြင့် EAO များနှင့် ဆွေးနွေးပြီး သဘောတူညီချက်များ ဦးစွာရယူရန်၊ နိုင်ငံရေးပါတီများ ပါဝင် တက်ရောက်၍ သုံးပွင့်ဆိုင် ဆွေးနွေးရန်ကိုလည်း အကြံပြုထားသည်။
ထို့အပြင် ဆွေးနွေးပွဲသို့ နိုင်ငံတကာကို အသိသက်သေများအဖြစ် ပါဝင်တက်ရောက်စေရန်၊ ဖက်ဒရယ်မူအား အဓိကထား ဆွေးနွေးရန်နှင့် ရရှိလာသည့် သဘောတူညီချက်များကို လွှတ်တော် တင်သွင်း ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းရန် ထုတ်ပြန်ဖော်ပြထားသည်။
လက်ရှိတွင် အပစ်ရပ်အဖွဲ့ ၁၀ ဖွဲ့အနက် KNU ၊ CNF ၊ ABSDF ၊ PNLO ၊ NMSP(AD) နှင့် LDU တို့သည် စစ်ကောာ်မရှင်နှင့် တွေ့ဆုံမှု မရှိတော့ဘဲ လက်ကျန်အဖွဲ့များ၌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သည့် RCSS တစ်ဖွဲ့သာလျှင် အင်အားအသင့်တင့်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-7 EAO Alliance