(ဟားခါး)၊ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

 

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ရှိ ပြည်နယ်ရဲစခန်းကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်အဖွဲ့ဝင် ခြောက်ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း CNA ပြောခွင့်ရ ဆလိုင်းထက်နီထံမှ သိရသည်။

 

ဟားခါးမြို့၊ ပြည်နယ်ရဲစခန်းကို ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့ မနက် သုံးနာရီခန့်တွင် CNA နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

“မနက် သုံးနာရီလောက်မှာ စပစ်တယ်။ လေးနာရီခွဲလောက်မှာ ပြီးတယ်။ စစ်ကော်မရှင်ဘက်က ခြောက် ယောက်လောက် သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း များတယ်။ ကျတော်တို့ဘက်က လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရမိတာရှိတယ်”ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့အပြင် တိုက်ပွဲတွင်း ပြည်နယ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် တော်လှန်ရေး ရဲဘော် ငါး ဦးအပါအဝင် အချုပ်သား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

“ကျတော်တို့ ဘာဖြစ်လို့ ပြည်နယ်ရဲစခန်းကို ရွေးရတာလဲဆိုရင် အဲမှာက အချုပ်သားတွေများတယ်။ အဲဒါကြောင့် တိုက်ခိုက်ရတာပါ။ အချုပ်သား ၁၅ ယောက် ကယ်ထုတ်နိုင်ခဲ့တယ်။ တော်လှန်ရေးရဲဘော် ငါးယောက်ပါတယ်။ ကျန်တဲ့အကျဥ်းသားတွေက မသိရသေးဘူး” ဟု ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တိုက်ပွဲအပြီးတွင် စစ်ကော်မရှင်သည် ဟားခါးမြို့အနီးပတ်ဝန်းကျင် အရပ်သားများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။