
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတစ်ခုမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၆ ဉီးထက် မနည်း သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးပါတယ်။
အလောင်း ၁၆ လောင်းကို တွေ့ရှိခဲ့ပေမယ့် အလောင်းတွေဟာ မမှတ်မိနိုင်လောက်အောင် မီး လောင်သွားခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
ယမန်နေ့ နေ့လည်ပိုင်းက အထည်ချုပ်စက်ရုံအပြင်ဘက်မှာ မီးလောင်ကျွမ်းခဲ့ရာ သုံးနာရီကြာ ငြှိမ်းသတ်ခဲ့ရပေမယ့် ဓာတုကုန်လောင်ရုံမှာ ဆက်လက်ပြီး မီးလောင်ခဲ့တာလို့ အာဏာပိုင်တွေက ပြော ပါတယ်။
လျှော့ရဲသော ဘေးကင်းလုံခြုံရေးစံချိန်စံညွှန်းတွေ၊ ညံ့ဖျင်းသော အခြေခံအဆောက်အအုံတွေ ကြောင့် လူနေသိပ်သည်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မီးလောင်ကျွမ်းမှုတွေ မကြာခဏ ဖြစ်ပွားပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မီးလောင်ကျွမ်းမှုတွေကြောင့် ရာနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။
အဆောက်အအုံနှစ်လုံးမှာ ဘယ်အဆောက်အအုံက အရင် မီးလောင်ခဲ့တယ်ဆိုတာကို မီးသတ် ဌာန တာဝန်ရှိသူတွေ မဖော်ထုတ်နိုင်သေးပါဘူး။
မျက်မြင်တွေရဲ့ ပြောကြားချက်အရ ဓာတုကုန်လှောင်ရုံမှာ ချွတ်ဆေးအမှုန့်တွေ၊ ပလက်စတစ်နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တွေ သိုလှောင်ထားတယ်လို့ သိရပါတယ်။
သေဆုံးသူတွေဟာ အဆိပ်အတောက်ဓာတ်ငွေ့တွေ ရှုရှိုက်မိလို့ ရုတ်တရက် သေဆုံးခဲ့တာလို့ မီး သတ်ဌာနမှ ညွှန်ကြားရေးမှူး မိုဟာမက်တာဂျူးက ဒေသန္တရမီဒီယာတွေကို ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ စစ်ဘက်အရာရှိတွေဟာ အထည်ချုပ်စက်ရုံနဲ့ ကုန်လှောင်ရုံပိုင်ရှင်တွေ မည်သူမည်ဝါ ဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားနေဆဲလို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
ကုန်လှောင်ရုံကို တရားဝင် လုပ်ကိုင်တာ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်နေ တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
၂၀၂၁ ခုနှစ်က အဖျော်ယမကာစက်ရုံတစ်ခုမှာ မီးလောင်မှုကြောင့် လူ ၅၂ ဉီး သေဆုံးကာ ၂၀ ဉီး ဒဏ်ရာရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဒါကာမြို့တော်ရှိ မင်္ဂလာဆောင်ပွဲတစ်ခုမှာ မီးလောင်မှုကြောင့် လူ ၇၈ ဉီး သေဆုံးခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မျာ ရှစ်ထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ လူ ၁၁၀၀ ကျော် သေဆုံးခဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူအသေအပျောက်အများဆုံး ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ကိုးကား – BBC
Ref; Bangladesh garment factory fire kills at least 16