
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
စစ်ကော်မရှင်က ၎င်းတို့ အထိနာစစ်ရှုံးခဲ့သည့် နယ်မြေဒေသများတွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်များ ဆင်နွှဲနေသကဲ့သို့ တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအကြား သွေးကွဲအောင်စည်းရုံးနေကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူများမှ ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ NUG နှင့် EROs တို့ကို မဟုတ်မမှန်စွပ်စွဲ၍ ၎င်းတို့နှင့် PDF များအကြား သွေးကွဲစေမည့် ငြိမ်းချမ်းရေးအကြောင်းပြ ဖိတ်ခေါ်မှုကို ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးနေသည့် စစ်ကော်မရှင်အနေဖြင့် အကြောက်ဆုံးအရာသည် တော်လှန်ရေး အင်အားစုများနှင့် EROs အကြား ညီညွတ်ရေးပင်ဖြစ်ပြီး ထိုအရာကို ပြိုကွဲသွေးကွဲနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေ၍ သေချာနားလည် သိမြင်စေလိုကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ကလည်း ဒါတွေကို သေချာနားလည်၊ ကောင်းစွာ သိမြင်ပြီးတော့ ညီညွှတ်ရေး ထိခိုက်စေတဲ့ အလုပ်တွေ၊ လုပ်ရပ်တွေ၊ ပြောဆိုမှုတွေကို တတ်နိုင်သမျှ ရှောင်ရှားကြဖို့ အရေး ကြီးပါတယ်။ အခုစစ်အုပ်စုက ဖိတ်ခေါ်တဲ့ကိစ္စကလည်း PDF တွေအတွက် သိပ်အများကြီး မစိုးရိမ် ပါဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် စစ်အာဏာသိမ်း၍ အကြမ်းဖက်မှုများကို လက်မခံသည့် အတွက် မိမိကိုယ့်ကို ကာကွယ်ခုခံရန်နှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတို့အတွက် ဖွဲ့စည်း ထားခြင်းဖြစ်ပြီး တိကျခိုင်မာသော ရည်မှန်းချက်များ ရှိနေသောကြောင့် စစ်ကော်မရှင်၏ သွေးကွဲ ဖိတ်ခေါ်မှုကို လက်ခံလိမ့်မည်မဟုတ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင်ရှိသူက ထပ်မံပြောကြားသည်။
အဆိုပါ သွေးကွဲဖိတ်ခေါ်ချက်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ယာယီသမ္မတအဖြစ် တာဝန်ရယူ ထားသော ‘ကာ/လုံ’ ဟု လူသိများလှသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက စစ်ကောင်စီကို ဖျက်သိမ်း၍ အမည်ပြောင်းကာ စစ်ကော်မရှင်ဟု ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် ထုတ်ပြန်လာခြင်းဖြစ်သည်။
“အာဏမတရား ရယူထားတဲ့ အဖွဲ့အစည်းဖြစ်လို့ အခုထုတ်ပြန်ချက်က ဥပဒေနဲ့ မညီဘူး။ နောက်ပြီး သူတို့ကမ်းလှမ်းချက်ကို သက်ဆိုင်ရာ EROs ဘက်က လက်မခံတဲ့အခါ အခုလိုလုပ်လေ့ရှိတယ်။ EROs တွေအနေနဲ့ကတော့ ကိုယ်လုပ်ရမယ့် အလုပ်၊ လုပ်သင့်လုပ်ထိုက်တာကိုပဲ ဆက်လုပ်သွားမယ်လို့ ယူဆရပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် “ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်” ဟု ဆိုထားပြီး၊ PDF များပင်လျှင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို လိုလားကြ၍ ရည်မှန်းချက်ချင်း တူညီကြောင်း ဖော်ပြထားသည်။ ထို့ပြင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်သူများကို မိဘများထံ အပ်နှံပေးခဲ့ပြီးဖြစ်ကြောင်းလည်း ဆိုသည်။
စစ်ကော်မရှင်က CRPH နှင့် NUG တို့သည် ဒီမိုကရေစီကို နောက်ပြန်ဆွဲသယောင် ဝါဒမှိုင်းတိုက်ကာ ပြည်သူနှင့် လူငယ်များကို လွဲမှားသည့် မျှော်လင့်ချက်များ ပေးထားသည်ဟုလည်း စွပ်စွဲထားသည်။
“PDF တွေအားလုံးဟာ တကယ့်ကို ခိုင်မာတဲ့ ရပ်တည်ချက်တွေနဲ့ PDF တွေ ဖြစ်ခဲ့တာဖြစ်တယ်။ စစ်အုပ်စုရဲ့ ကတယ့်မူရင်း ဇာတ်ရုပ်အမှန်ကိုလည်း PDF တွေအားလုံးက သိမြင်ထားပြီးဖြစ်တယ်။ အဲအတွက်ကြောင့်မို့ စစ်အုပ်စု ဖိတ်ခေါ်တိုင်း PDF တွေက ပါသွားမှာ မဟုတ်ဘူး” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တုံ့ပြန်ထောက်ပြသည်။
CRPH, NUG တို့သည် ဒီမိုကရေစီမျက်နှာဖုံးတပ်၍ နိုင်ငံ့အာဏာကို မက်မောသည်ဟု စစ်ကော်မရှင်က ပြောဆိုထားပြီး ရွေးကောက်ခံ အစိုးရဆိုသည့် ရပ်တည်မှုမပျောက်ဆုံးရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခြင်းဖြစ်ကာ၎င်းတို့၏ နှောင့်ယှက်မှုများကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရကြောင်း ဆိုသည်။
ထို့အပြင် အချို့သော ERO များသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများအတွက် PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးပြုစေကာ ဘဝများအား စတေးခဲ့ပြီး ယခုအခါတွင် အိမ်နီးချင်းနိုင်ငံနှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် အချို့သော ERO များ ရပ်တည်ရန် ခက်ခဲလာကြောင်း ဖော်ပြထားသည်။
“အာဏာသိမ်းပြီးနောက် စစ်ရေးအပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ စစ်တပ်အနေနဲ့ သွေးကွဲမှု လုပ်သလို အခုချိန်မှာ သူတို့က အကြွင်းမဲ့စစ်ပုံစံ လုပ်လိုက်ပြီ။ သူတို့အနေနဲ့ စစ်ရေးအရှိန်ယူနေရဆဲ အခြေအနေဖြစ်လို့ PDF တွေ လက်နက်ချအောင်၊ အလင်းဝင်အောင် လုပ်နေတာပါ” ဟု လုပ်သက်ရင့် CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်က လာမည့်ဒီဇင်ဘာ၌ ရွေးကောက်ပွဲ အပိုင်းတစ် ပြုလုပ်နိုင်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့်နိုင်ငံအချို့၏ ထောက်ခံကူညီမှုရယူ၍ ၎င်းတို့ စစ်ရှုံးဒေသများအား ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်နေသလို နယ်မြေတချို့လည်း ပြန်ရရှိထားပြီး KNU နှင့် မြောက်ပိုင်းညီနောင်အဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားကြောင်း သိရသည်။
ဓာတ်ပုံ – MOI