ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

 

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) (၃၄) နှစ်ပြည့်အခမ်း အနားကို ဒူးပလာယာခရိုင်KNPF အဖွဲ့မှ ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် ဂုဏ်ပြုကျင်းပခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

 

တပ်မဟာ(၆) နယ်မြေအတွင်း KNPF အနေဖြင့် ပြည်သူလူထု ဘေးကင်းလုံခြုံမှုရှိစေရေး၊ မှုခင်း ကြိုတင်တားဆီးရေး၊ ရာဇ၀တ်မှုခင်းများကို ကော်သူးလေရာဇ၀တ် ဥပ‌ဒေကျင့်ထုံးအရ ဆက်လက် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို အဓိကထားလုပ်ဆောင်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် ကော်သူးလေဒေသအတွင်း တရားဥပဒေစိုးမိုးမှု နည်းပါးနေသေးသည့်အပြင် စစ်ပွဲကာလလည်းဖြစ်သည့်အတွက် မူးယစ်ဆေး၀ါး ရောင်းဝယ်သုံးစွဲမှုများ များပြားနေပြီး မသမာသူ စီးပွားရေးသမားများမှလည်း တရားဥပဒေစိုးမိုးမှု မရှိစေရေးကို လုပ်ဆောင်နေကြသည့်အတွက် ရဲတပ်ဖွဲ့အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

 

ဒေသခံများ၏ တိုင်ကြားတောင်းဆိုချက်များအရ မူးယစ်ဆေး၀ါးဟန့်တားလျှော့ချရေး လုပ်ငန်း အစီအစဥ်များကိုလည်း လုပ်ဆောင်နေပြီး မူးယစ်ဆေး၀ါးသုံးစွဲမှု ရှိ၊မရှိ စစ်ဆေးခြင်း၊ တရားမဝင်လက်နက်ကိုင်ဆောင်သူများစာရင်းများပြုစုခြင်း၊ ရပ်‌‌ဝေးရပ်ခြားမှ လာရောက်အလုပ် လုပ်ကိုင်သူများအား စာရင်းပြုစုခြင်းများကိုလည်း KNPF အနေဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များ၊ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)၊ ပူးပေါင်းတပ်ဖွဲ့များနှင့် ပြည်သူများမှလည်း ကရင်အမျိုးသားရဲတပ်ဖွဲ့နှင့်အတူ တတ်နိုင်သည့် ဘက်မှ ပူးပေါင်းပါ၀င်ကြရန် ဒူးပလာယာခရိုင်(KNPF) ရဲတပ်ဖွဲ့မှူး ဗိုလ်မှူးစောငြိမ်းချမ်း ကလည်းတိုက်တွန်း ပြောဆိုခဲ့သည်။

ဓာတ်ပုံ – KNU