ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

စစ်ကော်မရှင်၏ ဒစ်ဂျစ်တယ် ထိန်းချုပ်ရေးစနစ်တွင် ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲလ်များ ရောင်းချ ကူညီပေးနေသည့် တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Geedge Networks ကို နိုင်ငံတကာရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးရန် တောင်းဆိုကြောင်း Justice For Myanmar (JFM) က ယနေ့ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။

JFM ၏ “တရုတ်အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ်” အစီရင်ခံစာတွင် တရုတ်အစိုးရနှင့် ဆက်စပ် နေသည့် Geedge Networks နှင့် ATOM အပါအဝင် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခုသည် စစ်ကော်မရှင်၏ ဒစ်ဂျစ်တယ် အကြမ်း ဖက်စစ်ဆင်ရေးတွင် ပါဝင်နေကြောင်း ဖော်ပြထားသည်။

“ Geedge Networks က ရောင်းချတပ်ဆင်ပေးထားပြီး မြန်မာနိုင်ငံက အင်တာနက်ဝန်ဆောင်မှု ပေးသူတွေရဲ့ ပူးပေါင်းမှုနဲ့အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်း ပညာက မြန်မာနိုင်ငံအတွင်းက စစ်အုပ်စုကိုဝေဖန်သူတွေ အမှန်တရားထွက်ဆိုသူတွေ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေကို လက်လှမ်းမီကြည့်နိုင်ဖို့အတွက် ဆိုးရွားတဲ့အန္တရာယ်တွေ ပေးနေတယ် “ ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

ထုတ်ပြန်ချက်တွင် စစ်ကော်မရှင်၏ အရပ်သားပြည်သူများအပေါ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို Geedge Networks က အားပေးကူညီရာရောက်ကြောင်း ဖော်ပြထားသည်။

စစ်ကော်မရှင်၏အင်တာနက်စောင့်ကြည့်ရေးနှင့် ဆင်ဆာဖြတ်တောက်ရေးအတွက် ပါဝင်သည့် နည်းပညာ ကုမ္ပဏီများတွင် ATOM၊ မိုင်တဲလ်၊ MPT၊ အူရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden၊ TMH Telecom၊ Internet Maekhong Network ၊MBT၊ MTN၊ Campana၊ Global Technology နှင့် China Unicom တို့ပါဝင်ကြောင်းထုတ်ပြန်သည်။

စစ်ကော်မရှင်၏ အင်တာနက်စောင့်ကြည့်ရေးစနစ်တွင် အန္တရာယ်နည်းစွာနေထိုင်နိုင်ရန်အတွက် အင်တာနက်အသုံးပြုတက်မှု ( Digital Literacy) ရှိရန်လိုအပ်ပြီး အင်တာနက်အသုံးပြုသည့်ပစ္စည်းများ ဖုန်း၊ ကွန်ပြုုတာ၊ Tablet တို့၏သဘောတရားများကိုနားလည်ရန်လိုအပ်ကြောင်း မြန်မာအင်တာနက် ပရော့ဂျက်အဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်သိမှုကိုမြင့်တင်ဖို့လိုပါတယ်။ အင်တာနက်အွန်လိုင်းတွေသုံးတဲ့အခါမှာ ဘယ်လို အရာကကိုယ့်ကိုယ်အန္တရာယ်ရှိနိုင်စေတာလဲဆိုတာသိဖို့လိုပါတယ်။ မှန်ကန်တဲ့သတင်းအချက် အလက်ရဖို့ သိဖို့လိုပါတယ်။ အန္တရာယ်ကိုသတိထားပြီးတော့ digital ပလက်ဖောင်းတွေမှာ သွားလာ နေထိုင်သင့်ပါတယ်” ဟုမြန်မာအင်တာနက် ပရော့ဂျက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

တရုတ် Geedge Networks ကုမ္ပဏီမှ ခေါင်းဆောင်တာဝန်ရှိသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုများချမှတ်ရန်၊ ခေါင်းဆောင်မှုတွင်ပါဝင်သူပုဂ္ဂိုလ်များကို နိုင်ငံတကာရာဇဝတ်ကြောင်းအရ စုံစမ်း စစ်ဆေးမှုပြုလုပ်ရန် Justice For Myanmar က ထုတ်ပြန်သည်။

ယင်းပြင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ နည်းပညာနှင့်ဆက်စပ်လေ့ကျင့်သင်တန်းများ ကူညီမှုရပ်ဆိုင်းရန်၊ အတုအယောက်ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အဖွဲ့အစည်းများကို နိုင်ငံရေး အရနှင့် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများကိုရပ်တန့်ရန် တရုတ်အစိုးရထံတောင်းဆိုကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်