ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့ ၊ သုံးပင်ကွင်းရပ်ကွက် ၊ ဗိုလ်အောင်ကျော်လမ်း(ပါဆယ်လမ်း)ရှိ ဆေးခန်းတွင် စက်တင်ဘာ ၈ ရက်နေ့ညနေပိုင်းက လူသတ်မှုဖြစ်ပွားခဲ့ပြီး ဆရာ၀န်နှင့်သူ့၏ ဇနီးဖြစ်သူတို့သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်အတွက် ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

သွားဆေးခန်းအတွင်းသို့ Clickအဖြူရောင်ဆိုင်ကယ် စီးနင်းလာသောလူငယ်တစ်ဦးမှ ဓါးဖြင့်ထိုးသောကြောင့် ဒေါက်တာတင်မောင်ထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်ဇင်မင်းမင်းသက်တို့ သေဆုံးခဲ့ပြီး အခြားအိမ်သားနှစ်ဦးပါ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

“ဟင်္သာတမြို့ရဲ့အစည်ကားဆုံးနေရာမှာ ဖြစ်သွားတာ မြို့ရဲ့လူသိများတဲ့ဆရာ၀န်ဆိုတော့ တစ်မြို့လုံးထိတ်လန့်နေကြတာ ခုနောက်ပိုင်းက ဒါမျိုးအမှုတွေပဲကြားနေရတယ်”ဟု မြို့ခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြစ်မှုကျူးလွန်သောလူငယ်သည် ထွက်ပြေးလွတ်မြောက်နေပြီး ရဲတပ်ဖွဲ့မှ ဟင်္သာတမြို့အ၀င်အထွက်နှင့် ရပ်ကွက်များကို လိုက်လံ စစ်ဆေးနေသော်လည်း ယနေ့သတင်းဖော်ပြချိန်အထိ ဖမ်းဆီးရမိခြင်းမရှိကြောင်း ဒေသခံများမှပြောသည်။

ဟင်္သာတမြို့တွင် မူးယစ်ဆေးဝါးများ ပေါများလာခြင်းကြောင့် လစဥ်တိုင်းလူသတ်မှုများ ဖြစ်ပွားနေပြီး တရားဥပဒေ စိုးမိုးမှုကင်းမဲ့လာနေကြောင်းမြို့ခံများမှ ပြောသည်။