‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၇ ရက်

‎ဖားကန့်မြို့၊ ဆန်းကြွယ်ရွာနှင့်မှော်တောင်းတို့တွင် စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ‎ယမန်နေ့ စက်တင်ဘာ ၆ရက် နံနက် ၃နာရီခန့်က KIA တပ်ဖွဲ့များရှိရာ ဆန်းကြွယ်ရွာကို ဖားကန့်မြို့အတွင်းမှ စစ်ကြောင်းထိုးတိုက်ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

‎”ဒီနေ့အထိ ဆန်းကြွယ်နဲ့ အေးမြသာယာဘက်က ဒေသခံတွေစစ်ရှောင်ရတုန်းပါ။ မနေ့က မနက် ၁၁ နာရီနဲ့ ညနေခင်းအထိပစ်ခတ်တာမှာ ဒဏ်ရာရသူ ၁၀ ယောက်လောက်ရှိပါတယ်။ စစ်တပ်ဘက်က ဇွတ်တိုးလာပေမယ့် သေတာမနည်းမနောပဲ” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဖားကန့်မြို့တပ်မကုန်းပေါ်မှနေ၍လည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သည့်အတွက် ဆန်းကြွယ်ရွာအတွင်းရှိ ကလေးနှစ်ဦးထိမှန်၍ ဖားကန့်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရပြီး ဆန်းကြွယ် မစိုးရိမ်ကျောင်းတိုက်မှ သံဃာတစ်ပါးအပါအဝင် ပြည်သူ ၁၀ ဦးခန့် လက်နက်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။

‎အေးမြသာယာရပ်ကွက် အတွင်းကိုလည်း လက်နက်ကြီးများကျရောက်၍ ဖားကန့်မြို့အတွင်းရှိ ဆန်းကြွယ်၊ မှော်တောင်း၊ အေးမြသာယာ ကျေးရွာများမှ ဒေသခံများထွက်ပြေးနေရကြောင်း သိရသည်။

‎စစ်ကော်မရှင်သည် ဆန်းကြွယ်-မှော်တောင်းအတိုင်း ထိုးစစ်ဆင်လာပြီး KIA နှင့် KPDFများရှိရာ မှော်တောင်းဂိတ်ကိုပါ ထိန်းချုပ်လိုက်ပြီ လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှ လူငယ်အချို့ကို ဖမ်းဆီး၍ လူသားဒိုင်းကာ လုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်