
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၇ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသဖြင့် လွတ်လပ်စွာ ဆေးကုသခွင့်နှင့် အမြန်ဆုံးလွတ်မြောက် ရေးအတွက် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် မိတ်ဆွေနိုင်ငံများကို ယနေ့ စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကင်အဲရစ်၏ စက်တင်ဘာလ ၄ ရက်နေ့ ပန်ကြားချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးရောဂါအခြေအနေမှာ ပိုမိုဆိုးရွားလာပြီး လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရရှိကြောင်း သိရသည်ဟု NLD ဗဟိုအလုပ်ကော်မတီက ဆိုထားသည်။
ထို့ကြောင့် အသက် ၈၀ ကျော်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်သည် စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးဝင်းမြင့်နှင့်အတူ စစ်တပ်အာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးခံထားရသည်မှာ ယခုဆိုလျှင် ၄ နှစ်နှင့် ၈ လကျော် ရှိပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်ပေါ်နေချိန်တွင် စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစု ကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့တွင် သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်ကော်မရှင်က ၎င်း၏ကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းများကို အများပြည်သူသိရှိခွင့်မပြုဘဲ ထိမ်ချန်ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။