
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ တိုင်းစည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူးရာထူးမှ ထုတ်ပယ် ခံခဲ့ရသူ ဦးအောင်မင်းနိုင်သည် လာမည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှနေ၍ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။
ဦးအောင်မင်းနိုင်သည် ပုသိမ်ရေပေါ်ဈေးအတွက် အိမ်သာဆောက်လုပ်မည့် ဘဏ္ဍာငွေ ကျပ်သိန်း ၈,၀၀၀ ကို အလွဲသုံးစားလုပ်မှုဖြင့် ရာထူးပြုတ်ခဲ့သူဖြစ်သည်ဟု ပုသိမ်သတင်းအထူးတပ်ဖွဲ့က ဖော်ပြသည်။
”ခိုးလို့ ညွှန်မှူးကနေပြုတ်သွားသူက ကိုယ်စားလှယ်အဖြစ်ထပ်ပြိုင်မှာဗျာ။ ရနိုင်သမျှခိုးဖို့ပဲ အရမ်း အားသန်တယ်” ဟု ပုသိမ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်တက္ကသိုလ် DSA အပတ်စဉ် (၂၈) ဆင်း ဦးအောင်မင်းနိုင်သည် ဂရင်းလန်းအိမ်ရာတွင် မြေယာကန် ထရိုက်လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး၊ မူးယစ်ဆေးဝါးရောင်းချမှုဖြင့် နာမည်ကြီးသည့် ရွှေမင်းသမီး ဟိုတယ်တွင်လည်း ရှယ်ယာအများစု ပိုင်ဆိုင်ထားသည်ဟု သိရသည်။
စစ်ကော်မရှင်က ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲကျင်းပရေးအတွက် မဲပေးစက်အသုံးပြုပုံ သင်တန်းပေးခြင်း၊ မဲပေးစက်အသုံးပြု၍မဲပေးနည်းများကို ပြသပြုလုပ်နေပြီး အဆိုပါ ပြသပွဲများ မတက်ရောက်သူကို ဒဏ်ငွေရိုက်သည်အထိ အတင်းအကျပ်ဖိအားပေးနေကြောင်း သိရသည်။
မဲပေးရာတွင်လည်း ကြံ့ခိုင်ရေးပါတီကိုသာမဲပေးရန် အဓမ္မညွှန်ကြားခိုင်းစေထားပြီး မဲပေးစက်စမ်းသပ် ရာတွင်လည်း ကြံ့ခိုင်ရေးပါတီ မဲခလုတ်ကိုသာနှိပ်ခိုင်းကြောင်း သိရသည်။
ပုံစာ- စမ်းသပ်မဲပေးနေစဉ်။