
ဒေသတွင်းနိုင်ငံများ စစ်အာဏာရှင်၏ မျက်နှာမကြည့်ဘဲ မြန်မာပြည်သူများ၏ မျက်နှာကို ထောက်ထား ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ တောင်းဆို
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလသည် ပြည်သူ့ခုခံတော်လှန်စစ် လေးနှစ်ပြည့်နေ့အတွက် ယနေ့ စက်တင်ဘာ ၇ ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့ရာ တော်လှန်ရေးသည် ရှေ့နှစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ် အခြေအနေဖြင့် ရှေ့ဆက်နေရသော်လည်း ပန်းတိုင်ကို မပြတ်တမ်း ချီတက်နေကြောင်း ပြောကြားခဲ့သည်။
ခုခံတော်လှန်စစ်သည် စစ်အာဏာရှင်၏ နှိပ်စက်ညှဉ်းပန်းမှုကို မခံမရပ်နိုင်ဖြစ်၍ ပြည်သူလူထုက မိမိကိုယ်ကို ကာကွယ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုတော်လှန်ရေးကြောင့် စစ်အာဏာရှင်စနစ်ကို တုန်လှုပ်ခြောက်ခြားစေကာ မြန်မာ့စစ်သမိုင်းတွင် မကြုံဖူးသည့် စစ်ရေးရှုံးနိမ့် မှုများကိုလည်း ကြုံတွေ့ခဲ့ရသည်ဟု ယာယီသမ္မတက ဆိုသည်။
သို့သော် စစ်တပ်သည် ဒေသတွင်းနိုင်ငံများထံမှ စစ်ရေး၊ နိုင်ငံရေးနှင့် ငွေကြေးအကူအညီများ ရရှိနေခြင်း ကြောင့် စိတ်မကောင်းဖြစ်ရသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။ ၎င်းနိုင်ငံများအနေဖြင့် စစ်အာဏာရှင် များ၏ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူများ၏ မျက်နှာကို ထောက်ထားရန်လည်း ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲသည် ပြည်သူလူထုအတွက် ထွက်ပေါက် မဟုတ်ဘဲ ထောင်ချောက်သာဖြစ်ပြီး ပြည်တွင်းစစ်ကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သတိပေးခဲ့သည်။ ယာယီသမ္မတက မြန်မာနိုင်ငံအတွက် ရေရှည်ငြိမ်းချမ်းရေးဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နိုင်ရန် ဒေသတွင်းနိုင်ငံများ၏ အကူအညီနှင့် ထောက်ခံမှုကိုလည်း တိုက်တွန်းခဲ့သည်။
နိဂုံးချုပ်အနေဖြင့် တော်လှန်ရေးတွင် အနစ်နာခံ ပေးဆပ်ခဲ့ကြသည့် ပြည်သူ လူထုအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် တော်လှန်ရေးပန်းတိုင် မရောက်မချင်း အတူတကွ မလျော့သောဇွဲဖြင့် ဆက်လက် ချီတက်ကြရန်လည်း NUG ယာယီ သမ္မတက တိုက်တွန်းခဲ့သည်။