
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်
စစ်ကော်မရှင်တပ်သည် စစ်ရှုံးလက်လွှတ်ခဲ့ရသည့် မြို့များကို တအာင်းတပ်မတော် (TNLA) ထံမှ ပြန်လည်ပေးအပ်ရန် တောင်းဆို၍ မရသောကြောင့် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ တစ်လအတွင်း သံဃာနှင့် ကလေးငယ်များအပါအဝင် ပြည်သူ ၄၆ ဦး ပျံလွန်တော်မူသေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်က ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံမြို့များတွင် ပြီးခဲ့သည့် ဩဂုတ်လတစ်လလုံး လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLA သတင်းပြန်ကြားရေးဌာန၏ ဩဂုတ်လထုတ် စာစောင်တွင် ဖော်ပြထားသည်။
TNLA ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၄၆ ဦး နှင့် ဒဏ်ရာရသူ ၅၅ ဦး ရှိခဲ့သည်။ ဒဏ်ရာရရှိသူများတွင် သံဃာတော် ခြောက် ပါးနှင့် သာမဏေ ခြောက် ပါးလည်း ပါဝင်သည်။
နေအိမ် ၁၀၈ လုံး၊ ဘုန်းကြီးကျောင်း ၁၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း အပါအဝင် အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး ယာဉ်နှင့်ဆိုင်ကယ်များလည်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် မိုးကုတ်မြို့တွင် ကလေးငယ် လေး ဦး၊ အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၉ ဦးအထိ သေဆုံးခဲ့ကြောင်း သိရသည်။
TNLA ၏ အချက်အလက်များအရ စစ်ကော်မရှင်တပ်သည် ဩဂုတ်လအတွင်း မြို့ ၅ မြို့ကို လေကြောင်းဖြင့် ၃၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံး ၂၄၅ လုံး၊ လက်နက်ကြီး ၂၂၃ လုံး နှင့် ဒရုန်းဖြင့် ဗုံး ၁၀၉ လုံး တို့ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဇူလိုင်လကလည်း နောင်ချို၊ သီပေါ၊ မိုင်းငေါ့၊ မိုး ကုတ်နှင့် ကျောက်မဲမြို့တို့တွင် လေကြောင်းဖြင့် ၅၅ ကြိမ် ဗုံး ၁၇၃ လုံး၊ လက်နက်ကြီး ၁၆၄၀ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၆၆၁ လုံးတို့ကို လာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် တရုတ်အစိုးရ၏ ဖိအားပေး ကူညီမှုနှင့် စစ်ကော်မရှင်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ တရုတ်အစိုးရ၏ ဖိအားပေးကြားဝင်မှုကြောင့် ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်တွင် ကျင်းပခဲ့သည့် ကူမင်းဆွေးနွေးပွဲတွင် TNLA သိမ်းပိုက်ထားသည့် မြို့နယ် ၁၂ မြို့အနက် မန်တုံ နှင့် နမ့်ဆန် မှလွဲ၍ ကျန်မြို့များကို ပြန်လည်ပေးအပ်ရန် စစ်ကော်မရှင်က တောင်းဆိုခဲ့ရာ နှစ်ဖက်သဘောတူညီမှုမရရှိဘဲ ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – TNLA