
ဆောင်းပါးရှင်-ကိုရင်တာတေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၆ ရက်)
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းအဖြစ် ၎င်းတို့၏ အကျိုးစီးပွားများစွာကို ပိုင်ဆိုင်ထားသည်။ ဒေါ်လာဘီလီယံနှင့် ချီတန်သည့် စီမံကိန်းများမှစ၍ ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးနိုင်သည့် မြေရှားသတ္တု တူးဖော်မှုများအထိ ပါဝင်သည်။ ပထဝီနိုင်ငံရေးအရလည်း ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် ကုန်စည် ထွက်ပေါက်တစ်ခု ဖြစ်နေသည်။ ထို့ကြောင့်ပင် တရုတ်၏ ရည်ရွယ်ချက်မှာ ခေတ်အဆက်ဆက် မြန်မာ့အာဏာ ကို ကိုင်စွဲထားသူများ(အထူးသဖြင့် စစ်တပ်) နှင့် ပလဲနံပသင့်ရေး ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်ယူနီဖောင်းချွတ် အရပ်ဝတ်လဲ ဦးသိန်းစိန် လက်ထက်တွင် တရုတ်၏ မီဂါပရောဂျက်ဖြစ်သည့် မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းခံလိုက်ရသည်။ ထိုဖြစ်ရပ်သည် တရုတ်တို့ အတွက် ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်ဆိုးဟု သုံးနှုန်းရမည်။ သို့သော် မြန်မာပြည် ခါးလည်ဖြတ်ခွင့်ပေးထားသည့် ရေနံပိုက်လိုင်းစီမံကိန်း ရှိနေခြင်း၊ အရပ်သားအသွင်ပြောင်းတပ်အစိုးရ၏ အပြောင်းအလဲကို ဖော်ဆောင် နေသူများ ပုံစံ ပုံဖော်လိုခြင်း ဆန္ဒကြောင့် အားမတန်၍ အလျှော့ပေးခဲ့ရသည်။
ယင်းဖြစ်စဉ်ကပင် တရုတ်သည် မြန်မာပြည်ရှိ ၎င်းတို့အကျိုးစီးပွားအတွက် အာဏာကို ဆုပ်ကိုင်ထားသူများ ကိုသာ ချဉ်းကပ်ရမည်ဆိုသည့် သင်ခန်းစာကို ရရှိစေခဲ့သည်။ NLD အစိုးရလက်ထက်တွင်လည်း ပြည်သူကို မျက်နှာမူသည့် အစိုးရဖြစ်၍ စီမံကိန်းများကို စိတ်တိုင်းကျ လုပ်ကိုင်ခွင့်မရခဲ့ခြင်းက တရုတ်ကို နာလိုခံခက် ဖြစ်စေခဲ့သည်။
ထို့ကြောင်ပင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် အိမ်နီးချင်း တရုတ်သည် အသံတိတ်နေခဲ့ကာ အာဏာ သိမ်းမှု ဖြစ်စဉ်အပေါ် လူထုဆန့်ကျင်မှု ရေချိန်အား ချိန်ဆခဲ့သည်။ သို့သော် အခြားသော သံတမန်ရေးနည်းနာ များဖြင့် စစ်အုပ်စုနှင့်မူ ထိတွေ့မှုများ ပြုလုပ်ခဲ့သည်။ တစ်ဖက်တွင် မြန်မာပြည်တွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားများ၊ အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးအတွက် တောင်းဆိုမှုများစွာ ပြုလုပ်ခဲ့သည်။ သို့သော် နွေဦးတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုများအား အား ကောင်းလာချိန်တွင်မူ တရုတ်သည် ကြည့်မနေနိုင် ဖြစ်လာသည်။
တရုတ်၏ မီဂါပရောဂျက်ဖြစ်သည့် ရေနံပိုက်လိုင်း အတွက် စိုးရိမ်စရာ မရှိသော်လည်း မြန်မာပြည် အထက်ပိုင်းအတွင်းရှိ မြေရှားသတ္တုထွက်ရာ ကချင်အထူးဒေသ (၁) ပန်ဝါဒေသအား ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က သိမ်းယူလိုက်ချိန်တွင် တရုတ်အတွက် ထိုင်နေ၍ မရသည့် အခြေအနေသို့ ရောက်လာ ခဲ့သည်။ ထို့ပြင် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နှင့် ရက္ခိုင့်တပ်တော် AA မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ၂၀၂၃ အောက်တိုဘာ ၂၇ တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၊ ၁၀၂၇ စစ်ဆင်ရေး (ဒုတိယလှိုင်း) တို့ဖြင့် မြို့ပေါင်းများစွာ သိမ်းယူလာချိန်တွင် တရုတ်အတွက် ပို၍ အကျပ်အတည်း ဆိုက်လာ ခဲ့သည်။
ထို့အတွက်ကြောင့် ရခိုင်ရှိ ရေနံပိုက်လိုင်းကို ကာကွယ်ရန် တရုတ်လက်နက်ကိုင်လုံခြုံရေးအဖွဲ့များ စေလွှတ် ခဲ့သည်။ ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်”မီးစိမ်းပြသည်” ဟူသော အကြမ်း ဖက်စစ်တပ်ဘက်မှ သံသယ ရှိမှုကို ဖြေဖျောက်ရန်အတွက် နည်းပေါင်းစုံသုံး၍ ၎င်းနှင့် ထိစပ်နေသည့် ERO အဖွဲ့များကိုသုံး၍ ဖိအားမျိုးစုံ ပေးလာခဲ့သည်။
မြန်မာနယ်စပ် လှုပ်ရှားမှုကို စောင့်ကြည့်ရန်အတွက် စက်တလိုက် (Stallite) များကိုပါ သုံးစွဲခဲ့သည်။ “ဝ” နှင့် “ကိုးကန့်” တပ်များအား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် မဆက်သွယ်ရန်၊ “မိုင်းလား”နှင့် “တအာင်း” တို့အား “ဝ” တပ်ဖွဲ့မှ တဆင့် ဖိအားပေးခြင်းများ ပြုလုပ်ခဲ့သည့်အပြင် တပ်ဖွဲ့ခေါင်းဆောင်များအား အကျယ် ချုပ်ထိန်းသိမ်းခြင်း၊ တရုတ်မြေပေါ်ရှိ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကိုပါ သိမ်းယူခြင်းတို့ ပြုလုပ်ခဲ့သည်။
၎င်းတို့၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (EROs) များဘက်က မြို့အချို့ ကို ပြန်ပေးခဲ့ရပြီး စေ့စပ်ဆွေးနွေးလာခဲ့သည်။ တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ခေါ်ယူတွေ့ဆုံသည်အထိ ဖြစ်လာသည်။
ဤသို့ဖြစ်လာအောင် နောက်ကွယ်ကနေ ဖန်တီးခဲ့ကြသူများမှာ ငြိမ်းချမ်းရေးပွဲစားများနှင့် လော်ဘီများ ဖြစ်သည်ဟု သုံးသပ်နိုင်သည်။ တရုတ်သည် မြန်မာ့အရေး နှင့် ပတ်သက်ပါက ၎င်း၏ အကျိုးစီးပွားကိုသာ ကြည့်သည်။ ရေနံပိုက်လိုင်းအတွက် စိတ်မပူရသော်လည်း မြန်မာ့မြေပေါ်က ကုန်ကြမ်းကို သုံး၍ ကမ္ဘာ့စျေး ကွက်တွင် လက်ဝါးကြီးအုပ်ထားနိုင်သည့် မြေရှားသတ္တုအရေးသည် ၎င်းတို့အတွက် အရေး ကြီးသည်။ ယင်းအခြေခံပေါ်မှနေ၍ အကြမ်းဖက်စစ်အုပ်စုဘက်က နိုင်ငံပိုင်ငွေကြေး ဒေါ်လာအမြောက်အမြားသုံး၍ အမေရိကန် ဒုသမ္မတထံ လော်ဘီ လုပ်သည်။
အချို့သော သတင်းရင်းမြစ်များအရ မြေရှားသတ္တုနှင့်ပတ်သက်၍ တရုတ်ကို မှီခိုနေရသည့် အိန္ဒိယက ဒုတိယ ကမ္ဘာစစ်က သုံးခဲ့သော လီဒိုလမ်းမကြီးကို ပြန်လည်ပြင်ဆင်ပေးမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာ ခဲ့သည်။ ထိုသတင်းများ ခပ်စိပ်စိပ် ထွက်ပေါ်လာခြင်းမှာ အိန္ဒိယနှင့်ပတ်သက်ပြီး တရုတ်ကို ဖိအားပေးခြင်း ဖြစ်နိုင်သည်ဟု ယူဆရသည်။ ထို့အတွက်ကြောင့် ရှီကျင့်ဖျင်က စစ်ခေါင်းဆောင်ကို ဘေဂျင်းမြို့သို့ ဖိတ်ခေါ်ကာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရုတ်သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဝန်ကြီးကိုယ်တိုင် ကြိုဆိုခဲ့ခြင်းက ထူးခြားသည့် အချက်ဖြစ်သည်။
ယခင်က မြန်မာ့အရေးနှင့် ပတ်သက်လျှင် နှုတ်ဆိတ်နေသည့် တရုတ်အား ယခုအခင်းအကျင်းထဲ ဆွဲခေါ်လာ သူများကို ကြည့်လျှင် နောက်ကွယ်က ငွေပေးခိုင်းထားသည့် လော်ဘီများနှင့် ငြိမ်းချမ်းရေးပွဲစားများ၏ လက်စ လက်နများကို မြင်တွေ့ရမည် ဖြစ်သည်။ တချိန်က မြန်မာ့အရေး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေး တရုတ်က တိုက်တွန်းမှုများ ရှိခဲ့သည်။ အဆိုပါ အချက်အား လော်ဘီနှင့် ပွဲစားများက အကျိုး စီးပွားလောက် အရေးကြီးသလားဆိုသည်မျိုး ဖြစ်အောင် မီဒီယာပေါင်းစုံ၊ လမ်းကြောင်းပေါင်းစုံကနေ နည်းပေါင်းစုံနဲ့ ဖန်တီးပြပြီး ဗိုလ်မင်းအောင်လှိုင် အကြိုက် တရုတ်က လိုက်ကစားရအောင် ဖန်တီးခဲ့ကြသည်။
ဒါကြောင့်လည်း EROs တွေကို နည်းပေါင်းစုံ အကျပ်ကိုင်၊ အတင်းအကျပ် ကြားဝင်ကာ ရွေးကောက်ပွဲကို ထောက်ခံပါမယ်ဆိုသည်အထိ ဖြစ်လာနေပြီး ရွေးကောက်ပွဲဟာ အစစ်အမှန် မဟုတ်ပါဘူးလို့ အာဆီယံ ကိုယ်စားလှယ်က တရားဝင် ထုတ်ပြောသည်ကိုပင် နားဝင်နိုင်ခြင်းမရှိတော့ပေ။
ယခုဆောင်းပါးဖြင့် တင်ပြလိုသည်မှာ ငြိမ်းပွဲစား၊ လော်ဘီများနှင့် ၎င်းတို့၏ လက်ဝေခံမီဒီယာများ၏ လုပ်ရပ်များကို လက်ပိုက်ကြည့်နေ၍ မရတော့ကြောင်း သတိပြုစေလိုခြင်း ဖြစ်သည်။ ယင်းလုပ်ရပ်များကို အချက်အလက်မှန်မှန်ဖြင့် ဖော်ထုတ်ချပြပြီး တိုက်ခိုက်ကြရန် မီးမောင်းထိုးပြလိုက်ရပါသည်။
(ဤဆောင်းပါးပါ အကြောင်းအရာသည် စာရေးသူ၏ သဘောထားအမြင်သာ ဖြစ်သည်)