
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
အင်းအားပြင်းထန်လွန်သော ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်ဆီးသွားရသော နေအိမ်၊အဆောက်အအုံများ အပါအဝင် စီးပွားရေးလုပ်ငန်းများပြန်လည်ထူထောင်ရန် စစ်ကော်မရှင်က ချေးငွေထုတ်ပေးမည်ဖြစ်သော်လည်း စည်းကမ်းချက်များတင်းကြပ်ထားကြောင်းသိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှထည့်ဝင်ငွေ ကျပ် ၅၀၀ ဘီလီယံနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဈေးကွက်တည်ငြိမ်ရေးရန်ပုံငွေမှ ထည့်ဝင်ငွေ ကျပ် ၂၀၀ ဘီလီယံ စုစုပေါင်း ကျပ် ၇၀၀ ဘီလီယံဖြင့် ငလျင်ခံစားရသည့် တိုင်းနှင့် ပြည်နယ် ခြောက်ခုရှိ ဝန်ထမ်းများ၊ အများပြည်သူများ၊ လုပ်ငန်းစက်ရုံနှင့်စီးပွားရေးလုပ်ငန်းများချေးယူနိုင်ကြောင်းသိရသည်။
စစ်ကော်မရှင်ထံမှချေးငွေရယူလိုသူများသည် ချေးယူသူအမည်ပေါက် ပိုင်ဆိုင်သည့် မရွေ့မပြောင်းနိုင်သောပစ္စည်းများ၊ ပိုင်ဆိုင်မှုများကို ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများထံ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်းပါဝင်သည်။
ထို့ပြင်ချေးငွေကိုအခြားနည်းတွင် လှည့်လည်အသုံးပြုခြင်းမရှိစေရန် ပစ္စည်းဝယ်ယူမှုပြေစာတင်ပြခိုင်းခြင်း၊ ချေးငွေကို ခြောက်လကျော်လျှင် အရင်းနှင့်အတိုးကောက်ခံခြင်း၊ စီးပွားရေးလုပ်ငန်းများမှတ်ပုံတင်ရှိရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်လျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်လိုအပ်ကြောင်း သိရသည်။
“ စစ်ကော်မရှင်ချေးပေးမဲ့ငွေက ပိုင်ဆိုင်မှုရှိမှဆိုတော့ အိမ်ငှားနေရတဲ့သူတွေအတွက် အခက်အခဲဖြစ်တယ်။ ငလျင်လှုပ်ပြီးတော့ အိုးပိုင်ဆိုင်ပိုင်လူတွေက အိမ်တွေထားခဲ့ပြီး ပြင်ဦးလွင်တို့ ရန်ကုန်တို့ပြောင်းနေကုန်ကြတယ်။ အိမ်ငှားနေရသူတွေ အဲဒီတုန်းက ရှမ်းပြည်က စစ်ရှောင်လာသူတွေ ငလျင်ထိတာများတယ်။ ပိုက်ဆံရှိတဲ့သူတွေက သူတို့ဘာသာပြင်ပြီးနေပြီ” ဟု မန္တလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပိုင်ဆိုင်မှုရှိသူများ ပြန်လည်ထူထောင်နိုင်သော်လည်း ငွေကြေးကျပ်တည်းသူများ၊ အိုင်ပိုင်မရှိသူများအတွက် အခက်ခဲများကြုံနေရဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
စစ်ကော်မရှင်ရုံးထိုင်ရာနေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ အပျိုဆောင်၊ လူပျိုဆောင်နှင့် Container House များနေထိုင်ရကြောင်း စစ်ကော်မရှင်ဝန်ထမ်းများထံမှ သိရသည်။
အဆိုပါချေးရယူလိုသူသည် ပိုင်ဆိုင်သည့်နေအိမ်၊ အဆောက်အအုံ၊ မြေ၊ ယာဉ်ယန္တရား၊ ငွေစုလက်မှတ်၊ ငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေအပါအဝင် အခြားအာမခံထားနိုင်သည့်ပစ္စည်းများကို အာမခံအဖြစ်ထားရမည်ဖြစ်ပြီး ချေးငွေများကိုတစ်ဖြတ်စီထုတ်ချေးမည်ဖြစ်ကာ ချေးငွေသက်တမ်းမှာ သုံးနှစ်မှ ငါး နှစ်ထိဖြစ်ပြီး အိမ်ရာချေးငွေ၊ စီးပွားရေးလုပ်ငန်းချေးငွေခေါင်းစဉ်အလိုက် အတိုးနှုန်း နှစ် ရာခိုင်နှုန်း နှင့် ခြောက် ရာခိုင်နှုန်းအဆင့်ဆင့်ရှိပြီး ဘဏ်ဝန်ဆောင်ခအဖြစ် တစ်ရာခိုင်နှုန်း ပေးရမည်သည်။
ချေးငွေထုတ်နိုင်သည့် ဘဏ်များမှာ AYA Bank PCL ၊ UAB Bank PCL ၊ CB Bank PCL ၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ် ၊ ရိုးမဘဏ် ၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့ဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – ၂၀၂၅ ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် မြင်ရသည့် ငလျင်ဘေးဒဏ်ခံရမန္တလေးမြို့မြင်ကွင်း