ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

 

စစ်ကော်မရှင်သည် ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ရုတ်တရက်ပိတ်ချပြီးနောက် ယခုအခါ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပိတ်မိနေသောကုန်ကားများထဲမှ အခွန်ဆောင်၍ လိုင်စင်ကုန်များကို ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။

 

စစ်ကော်မရှင်က မြန်မာ – ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပိတ်လိုက်ချိန်တွင် မြန်မာဘက်ခြမ်းသို့ တင်သွင်းလာသည့် ကုန်ကားအစီးရေ ၅၀၀ ခန့်ပိတ်မိနေခြင်းဖြစ်၍ ယခုအခါလိုင်စင်ဖြင့် ပြည်တွင်းသို့ကုန်ကားဝင်ခွင့်ရပြီး လိုင်စင်မပါသောကုန်များကို တရားမဝင်ကုန်ပစ္စည်းအဖြစ်သိမ်းလိုက်ကြောင်း ကုန်ပစ္စည်းသယ်ဆောင်သူများထံမှ သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံဘက်ခြမ်းတွင်ပိတ်ပိနေသာကုန်များများကို စစ်ကော်မရှင်က ပင်လယ်ရေကြောင်း ( ရနောင်း – ကော့သောင်း) နှင့် ကုန်းလမ်းကြောင်း (မယ်ဆိုင် – တာချီလိတ်မြို့) မှ တင်ပို့နိုင်ရန်စီစဉ်နေကြောင်းသိရသည်။

 

“မြဝတီဘက်နဲ့ ဘားအံမှာပိတ်ပိနေတဲ့ကုန်ကားတွေကို ဒီ ၁ ရက်နေ့ ( စက်တင်ဘာ) လောက်က အရေးကြီးလိုင်စင်ဆိုပြီး ( argent license) နဲ့ ထုတ်ပေးပြီး ကုန်ကားတွေဖြတ်လို့ရတယ်လို့သိရတယ်။ အခု ကုန်ကားတချို့ထွက်နေပြီ။ ဘားအံဝင်းထဲထိ တရားမဝင်တွေကုန်ဖမ်းတယ်” ဟု ကုန်စည်ပို့ဆောင်ရေးလုပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

အဆိုပါပိတ်မိနေသောကုန်တင်ကားများပေါ်တွင် စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်၊ ကုန်ကြမ်းပစ္စည်း၊ ဆောက်လုပ်ရေး၊ ဆိုလာပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများပါဝင်ကြောင်းသိရသည်။

 

ထိုင်းနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြောကြားချက်တွင် ထိုင်းကုန်စည်များမြန်မာဘက်ခြမ်းသို့တင်ပို့ခွင့်မရသဖြင့် ထိုင်းနယ်စပ်ကုန်သွယ်ရေး ထိခိုက်နေကြောင်း၊ စစ်ကော်မရှင်ကလမ်းကြောင်းပြောင်းတင်ပို့ရန်ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

 

စစ်ကော်မရှင်သည် ဩဂုတ် ၁၈ ရက်နေ့တွင် အမှတ် ၂ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတားကို ရုတ်တရက်ပိတ်ပင်လိုက်ပြီး ယခုအချိန်ထိပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးပေ။

ဓာတ်ပုံ – လူမှုကွန်ရက်