နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

စစ်ကော်မရှင်က နိုင်ငံတဝန်း စစ်ရှုံးမှုများကို တန်ပြန်ထိုးစစ်ဆင်ရာတွင် ဒရုန်းအသုံးပြုမှု အားကောင်းစေရန်အတွက် သင်တန်းကျောင်းများ တိုးမြှင့်သင်ကြားပေးနေပြီး ဒရုန်းကာကွယ်ရေး ပိုင်းကိုလည်း ဝယ်ယူမှုများ ပိုမိုလုပ်ဆောင်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)ထံက သိရသည်။

ထိုသို့ ဒရုန်းအသုံးပြုမှု တိုးမြှင့်နိုင်ရန်အတွက် စစ်ကော်မရှင်က လက်အောက်ခံ တောင်ညို လေကြောင်းရန်ကာကွယ်ရေးသင်တန်းကျောင်း၊ မိုးစွေ အမှတ်(၂) တပ်မတော်တန်းမြင့် သင်တန်းကျောင်း နှင့် ရမည်းသင်း အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ်တို့တွင် ပေါင်းစပ်လေ့ကျင့် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒရုန်းလေ့ကျင့်သင်ကြားပေးမှု သင်တန်းကျောင်းတွေ တိုးမြှင့်လေ့ကျင့် သင်ကြားပေးနေပါတယ်။ ဒရုန်းကာကွယ်ရေးပိုင်းအတွက်လည်း ဒရုန်းစောင့်ကြည့်ရှာဖွေရေး ရေဒါနဲ့ Jamming တွေ ပိုမိုဝယ်ယူလာတာ ရှိပါတယ်” ဟု MDSI ၏ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်က ယင်းဒရုန်းတပ်ဖွဲ့အတွက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ထုတ်နှုတ်ထားသော အရာရှိနှင့် နည်းပညာသိပ္ပံမှတပ်ကြပ်ကြီးများကို ဒရုန်းအထူးကျွမ်းကျင်များအဖြစ် လေကြောင်းရန် ကာကွယ်ရေးသင်တန်းကျောင်း (လသက)တွင် အဓိကလေ့ကျင့်ပေးနေကြောင်း သိရသည်။

ယင်းအပြင် လသကမှ လေ့ကျင့်ပေးထားသည့် ဒရုန်းအထူးကျွမ်းကျင် အရာရှိ/စစ်သည်များကို အမှတ်(၂) တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၂)နှင့် အမှတ်(၃) စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ-၃)တို့တွင် ဒရုန်းကိုင်တွယ် အသုံးပြုမှုသင်တန်းများ ဆင့်ပွားပေးနေပြီး ထိုမှတစ်ဆင့် ၎င်းတို့အား သိုက်ချောင်းအနီးရှိ စိုက်ပျိုးရေးတပ်တွင် စုဖွဲ့ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကော်မရှင်သည် နေပြည်တော်လေတပ်စခန်းမှတစ်ဆင့် စစ်ဆင်ရေးတပ်နေရာများသို့ ပို့ဆောင်ကာ ၎င်းတို့ကို အထိနာစစ်ရှုံးစေသော ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ရှိ ဗန်းမော်မြို့နှင့် ရခိုင်ပြည်နယ်တို့တွင် ဒရုန်းအဓိက အသုံးပြုနေသည် တွေ့ရှိရကြောင်း MDSI ၏ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးထံမှ သိရသည်။

“HR အကန့်အသတ် ရှိနေသေးလို့ အဓိက ထိုးစစ်နေရာတွေမှာပဲ အသုံးပြုနေတာမျိုး ဖြစ်နိုင်ပါတယ်။ လေ့ကျင့်သင်တန်းပေးမှု အားကောင်းလာရင် ကျန်ဒေသတွေမှာလည်း အသုံးပြုမှု များလာနိုင်ပါတယ်။ နောက်ပိုင်း ဒရုန်းစစ်ဆင်ရေး တပ်ရင်းတွေအထိ စုဖွဲ့ပြင်ဆင်လာနိုင်ပါတယ်” ဟု ၎င်းက သုံးသပ်ထောက်ပြသည်။

အလားတူ ဒရုန်းကာကွယ်ရေးပိုင်းကိုလည်း ပိုမိုလုပ်ဆောင်လျက်ရှိပြီး လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ယူလုပ်ဆောင်ရကာ လက်ရှိ၌ တရုတ်နိုင်ငံလုပ် RDN-120 ဒရုန်းစောင့်ကြည့် ရေးရေဒါများ ဝယ်ယူ၍ နေပြည်တော်လေဆိပ်၊ စစ်ရုံးနှင့် VIP အိမ်ယာများတွင် တပ်ဖြန့်ချထားကြောင်း သိရသည်။

“လက်ရှိမှာ တရုတ်က ဝယ်ယူထားတဲ့ RDN-120 အပေါ့စား ဒရုန်းစောင့်ကြည့်ရေး ရေဒါတွေ အသုံးပြုနေတာ ရှိပါတယ်။ စွမ်းဆောင်ရည်နည်းလို့ အိန္ဒိယနဲ့ အစ္စရေးထုတ် အနိမ့်ပျံ စောင့်ကြည့် ရှာဖွေရေး ရေဒါနဲ့ Jammer စနစ်တွေ ဝယ်ယူနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်” ဟု CDM ဗိုလ်မှူးနောင်ရိုးက ဆက်လက်ပြောသည်။

ထို့အပြင် အိန္ဒိယနိုင်ငံထုတ် Drishti-MR LLLWR ဒရုန်းစောင့်ကြည့်ရေး ရေဒါအမျိုးအစားကိုလည်း ဝယ်ယူရန် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသလို ဒရုန်းစစ်ဆင်ရေးအား ပိုမိုအလေးထား လုပ်ဆောင်နေသည့် စစ်ကော်မရှင်အနေဖြင့် စစ်ရေး၊ နိုင်ငံရေး အကုန်ချိတ်ဆက်၍ ပြင်ဆင်လုပ်လာနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြိး မင်းအောင်လှိုင်သည် ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့က AI စနစ်သုံး ဒရုန်းများ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင် ရွက်နေမှုကို တိုက်ရိုက်ကြည့်ရှုလေ့လာခဲ့ကြောင်း စစ်ကော်မရှင် ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-စစ်ကော်မရှင်