နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

စစ်ကော်မရှင်သည် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပြဌာန်းပြီးချိန်မှ စက်တင်ဘာ ၂ ရက်အထိ အွန်လိုင်းပေါ်တွင် ရေးသားဖြန့်ဝေသူ သုံးဦးကို အဆိုပါဥပဒေဖြင့် ဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာများအရ သိရသည်။

ထိုသူများသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ပျက်ပြားစေရန် ရေးသားဖြန့်ဝေခဲ့သည်ဟု စစ်ကော်မရှင်က ခန့်အပ်ထားသည့် ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆိုသည်။

“လွတ်လပ်တဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မနေဘူးလေ။ ဝေဖန်ခွင့်လည်းမရှိဘူး။ သူတို့က အာဏာသုံးပြီးတော့ ဖမ်းဆီးခြိမ်းခြောက်ထားတဲ့ ရွေးကောက်ပွဲ၊ ကျွန်မကတော့ ပါလည်းမပါဝင်ဘူး” ဟု ရန်ကုန်တိုင်း သန်လျင်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သို့သော် ရွေးကောက်ပွဲ ပျက်ပြားစေရန် မည်ကဲ့သို့ ရေးသားခဲ့ပြီး မည်ကဲ့သို့ အရေးယူထားသည်ကိုမူ တိတိပပ ပြောဆိုထားခြင်းမရှိသော်လည်း တောင်ကြီးမြို့ရောက် စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို အွန်လိုင်းပေါ်မှ ဝေဖန်ရေးသားမှုဖြင့် ဖမ်းဆီအမှုဖွင့်ထားကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လေးနှစ်နှင့်ခြောက်လကျော်အကြာ ၂၀၂၅ ၊ ဇူလိုင် ၂၉ ရက်က အသစ်ပြဋ္ဌာန်းလိုက်သော ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေသည် ပြည်သူကို ဖိနှိပ်မှုတစ်ခုဖြစ်ပြီး ဆန္ဒပြခြင်းများနှင့် ဝေဖန်ကန့်ကွက်ခွင့်အား တားမြစ်ပိတ်ပင်ထားသည်။

အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် သုံး နှစ်မှ အများဆုံး ခုနစ် နှစ်အထိ ချမှတ်မည့်အပြင် ငွေဒဏ်လည်း ချမှတ်မည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲ အပိုင်းတစ်ကို စစ်ရှုံးဒေသများအပါအဝင် မြို့နယ် ၁၀၂ မြို့၌ လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဟု ထုတ်ပြန်ထားပြီး ထိုအတွက် လေကြောင်းဗုံးကြဲမှုများနှင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကာ ပြည်သူများ ထိခိုက်သေဆုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ -MOI