
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်
မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင်ဗျူဟာကို စစ်ကော် မရှင်က ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် အင်အား အလုံးအရင်းဖြင့် ချီတက်လာသည့် စစ်ကော်မရှင်၏ အောင်ဇေယျစစ်ကြောင်းသည် သင်္ဃန်းညီနောင်ဗျူဟာ စခန်းကို ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“သင်္ဃန်းညီနောင်ပြန်ပေးလိုက်ရပြီ။ မြို့အထွက် ခလရ ၂၇၅ နဲ့ သင်္ဃန်းညီနောင်ကြားမှာ ဒီကောင်တွေ ကွက်ပြည့်နင်းထားတယ်။ လေကြောင်းကနေ ဖြတ်တောက်ပြီး အကုန် ဗုံးတွေလိုက်ချနေတာ”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေါနတောင်ခြေတွင် တစ်နှစ်ကျော်ကြာ ပိတ်မိနေသည့် အောင်ဇေယျစစ်ကြောင်းကို စစ်ကော်မရှင်၏ ထပ်မံ ပို့ဆောင်လိုက်သည့် တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တို့ဖြင့် စစ်ကြောင်းဖောက်ထွက်နိုင်ရန် ကူညီပြီး လက်လွတ်ဆုံးရှူံးထားသည့် စခန်းများကို ပြန်လည်သိမ်းယူရန်ပြင်ဆင်လာခြင်းဖြစ်သည်။
စစ်ကော်မရှင်က အင်အားထောင်ကျော်နှင့် လေကြောင်း၊ ဒရုန်းတို့အသုံးပြုကာ စစ်ကြောင်းထိုးလာပြီးနောက် အာရှလမ်းမကြီးရှိ နို့ဖိုး၊ ထီးမူးထနှင့် သင်္ဃန်းညီနောင်ကျေးရွာများကို ထိုးစစ်ဆင်ပြီး ယနေ့ နေ့လည်ပိုင်းတွင် သင်္ဃန်းညီနောင်ဗျူဟာစခန်းကိုပါ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
စစ်ကော်မရှင်ကြေညာထားသည့် ရွေးကောက်ပွဲကို ကူညီမည်ဟု BGF က ထုတ်ပြန်ပြီးနောက် စစ်ကော် မရှင်က ၎င်းတို့လက်လွှတ်ခဲ့ရသည့်နယ်မြေများကို ထိုးစစ်ဆင်ဝင်ရောက်ကာ ပြန်လည်သိမ်းယူလာခြင်းဖြစ်သည်။ သင်္ဃန်းညီနောင်ဗျူဟာကို စစ်ကော်မရှင်က ထိန်းချုပ်ပြီးနောက်တွင် ရွာအတွင်း၌ ဒေသခံများကို စစ်ဆေးရေးတင်းကျပ်စွာ လုပ်ဆောင်နေကြောင်း သိရသည်။
အင်အားအလုံးအရင်းပါဝင်သည့် စစ်ကော်မရှင်၏ တပ်စုကြီးမှာ ကျုံဒိုး-ကော့ကရိတ်လမ်းမကြီးတစ် လျှောက်လုံးကို ထိန်းချုပ်ပြီးသည့်နောက် ဆုံးရှုံးခဲ့ရသည့် စစ်စခန်းများကို ပြန်လည်ထိုးစစ်ဆင် သိမ်းယူနိုင်ရန် စစ်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များမှ ဒေသခံများကိုငဲ့ညှာ၍ တိုက်ပွဲနေရာအချို့မှ နောက်ဆုတ်ပေးခဲ့ပြီးနောက် ခုခံစစ်အတွက် ပြန်လည်ပြင်ဆင်နေကြောင်း သိရသည်။
ပုံစာ-ကရင်ပြည်နယ်ရှိ KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ။(ပုံဟောင်း)