
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်အပြင် တပ်ဆုတ်ပြေးရမှုများရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ ခမရ-၅၇၄ နှင့် အမှတ် (၉၄၄) ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ (ဆလအခွဲ-၉၄၄) မှတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AAက ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာ ၄ ရက်၊ နေ့လယ် ၁၂ နာရီ (၂၁) မိနစ်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့ မြောက်ဖက် မီတာ ၂၈၀၀ ခန့်အကွာအဝေးတွင် စစ်ကော်မရှင်က ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင် လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ၊ အလောင်းများနှင့်အတူ ကျောပိုး အိတ်အများအပြားကိုထားခဲ့ပြီး စကခ (၁၇) လက်အောက်ခံ တပ်များသည် တပ်လန်ကာဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းတွင် နတ်ရေကန်ဗျူဟာနှင့် ငဖဲမြို့နယ်အတွင်းပို့ထားသည့် တပ်များကို ပြန်လည်ခေါ်ယူနေပြီး တပ်အချိန်းအပြောင်း ပြုလုပ်နေကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းသို့ စစ်ကော်မရှင်က စစ်ယာဉ်တန်း ၆၈ စီးအထိ အင်အားဖြည့်မှုရှိခဲ့ပြီး နတ်ရေကန်ဗျူဟာမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ခတ်ခြိမ်းခြောက်လျက်ရှိသည်။