
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်- မြဝတီရှိ အာရှလမ်းပိုင်းကို စစ်ကော်မရှင်တပ်က အင်အားဖြည့်တင်းကာ လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်လာသည့် အတွက် တော်လှန်ရေးတပ်မှ စခန်းအချို့ နောက် ဆုတ်ထားရကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယမန်နေ့ စက်တင်ဘာ ၄ ရက်နေ့ ညပိုင်းနှင့် ယနေ့ စက်တင်ဘာ ၅ ရက်နံနက် အစောပိုင်းတို့တွင် လက်နက်ကြီးပစ်ကူများယူကာ အင်အားအလုံးအရင်းဖြင့် အာရှလမ်းမကြီး တောနော်ရေတံခွန်ဘက်မှ အတွင်းကွင်းကလေးကျေးရွာသို့ ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက် လာကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“စစ်တပ်က အာရှလမ်းပိုင်းမှာရှိတဲ့ ကျွန်တော်တို့ တပ်စခန်းတွေ နောက်ဆုတ်ပေးထားရတယ်။ အင်အား ၅၀၀ ကျော် လောက်ရှိမယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာသည့် စစ်ကော်မရှင်တပ်သည် လက်ရှိတွင် အတွင်းကွင်းကလေးကျေးရွာတွင် တပ်စွဲထားပြီး စစ်ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် အင်အားသုံးစစ်ကြောင်းထိုးကာ မြဝတီမြို့ကို အလုံးစုံထိန်းချုပ်နိုင်ရန်နှင့် အာရှလမ်းပိုင်းပွင့်ကာ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ကြိုးပမ်းနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နို့ဖိုး၊ ထီးမူထရွာ များကို စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးဝင်ရောက် လာသည့်အတွက် တော်လှန်ရေးတပ်များမှ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်များ တိုက်ပွဲအတွင်းပိတ်မိကာ လက်နက်ကြီး ပစ်ကူများဖြင့် ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကော်မရှင်လော်ဘီ
ပုံစာ-အာရှလမ်းပိုင်းတစ်နေရာတွင်တွေ့ရသည့် တပ်ဖွဲ့ဝင်တစ်ဦး။