
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်
တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီးနောက် ၎င်းတို့အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖြစ်စေမည့် ရထားလမ်း အပါအဝင် တရုတ်စီမံကိန်းများကို ဆက်လက်လုပ်ဆောင် အကောင်အထည်ဖော်သွား မည်ဟု ပြောဆိုလာကြောင်း သိရသည်။
အဆိုပါတရုတ်စီမံကိန်းများအနက် စစ်တပ် အာဏာသိမ်းပြီးနောက် ပြန်လည်လုပ်ဆောင်ရန် စီစဉ် ထားသော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းလည်း ပါဝင်နေပြီး နှစ်နိုင်ငံ မီးရထားလမ်းစီမံကိန်း၏ ပထမခြေလှမ်းဖြစ်သည့် မူဆယ်-မန္တလေး မီးရထား လမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။
စစ်ခေါင်းဆောင်က တရုတ်နိုင်ငံတွင် ကျင်းပသည့် အခမ်းအနားများသို့ တက်ရောက်နေစဉ် ဩဂုတ် ၃၁ ရက်နေ့က ပြုလုပ်သော မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံမှုတွင် စစ်ခေါင်းဆောင်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် မူဆယ်-မန္တလေး-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းများ ကို အကောင်အထည်ဖော်နေကြောင်း ပြောကြားခဲ့သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ခေါင်းဆောင်၏ ထိုသို့ပြောဆိုမှုသည် လက်တွေ့တွင် စစ်ရေး၊ နယ်မြေအခြေအနေကြောင့် မဖြစ်နိုင်သော်လည်း တရုတ်သမ္မတနှင့် တွေ့ဆုံပြီးနောက် ပြောကြားခြင်းဖြစ်ရာ တရုတ်၏ ဖိအားပေးထောက်ခံမှုဖြင့် ကြိုးပမ်းပုံဖော်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။
အဆိုပါစီမံကိန်းများသည် တရုတ်၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) တွင် ပါဝင်သည်။ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျမည့် မီးရထားလမ်းစီမံကိန်းသည် မူဆယ်မှ မန္တလေး၊ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ မြို့အထိ ဆက်သွယ်မည်ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရစေရန် ရည်ရွယ်ထားပြီး တရုတ်-မြန်မာ မီးရထား လမ်းစီမံကိန်း ဖြတ်သန်းသွားမည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် အများစုမှာ လက်ရှိတွင် မြောက်ပိုင်းညီနောင်မဟာမိတ်များနှင့် တော်လှန်ရေးအဖွဲ့များက ထိန်းချုပ် ထားပြီး စစ်ကော်မရှင်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
ထို့အပြင် ကချင်ပြည်နယ်၊ ဧရာဝတီမြစ်၏ မေခ၊ မလိခဆုံရာ နေရာ၌ တည်ဆောက်မည့် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ၀န်းကျင်ခန့်ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကိုလည်း ပြန်လည် လုပ်ဆောင်ရန် စစ်ခေါင်းဆောင်က စီစဉ်နေပြီး မြစ်ဆုံစီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းထားကြောင်း သိရသည်။
သို့သော် ပြည်သူလူထု၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ကချင်ပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင် အရေး တက်ကြွလှုပ်ရှားသူများက ထိုစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ထားသလို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)ကလည်း လက်ခံခြင်းမရှိ၍ လက်ရှိအထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။
ထို့အတူ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည်လည်း ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင်ပါ၀င်ပြီး တရုတ်နိုင်ငံကို ရေနံတင်ပို့ရာ၌ မလေးကျွန်းဆွယ်ရှိ မလက္ကာရေ လက်ကြားကို အသုံးပြုရန်မလိုဘဲ အိန္ဒိယသမုဒ္ဒရာအား တိုက်ရိုက်အသုံးပြုခွင့်ရရှိစေမည့် မဟာဗျူ ဟာကျသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျောက်ဖြူစီမံကိန်းကို တရုတ် BRI ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားပြီး ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွယ်တန်းထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် ရခိုင်၊ မန္တလေး၊ မကွေးနှင့် ရှမ်းရှိ မြို့နယ်ပေါင်း ၂၂ မြို့နယ်ကို ဖြတ်သန်း သွားကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ မြို့တော်စစ်တွေ၊ မာန်အောင်ကျွန်းနှင့် ကျောက်ဖြူမြို့နယ်၏ အစိတ်အပိုင်းငယ်ကိုသာ စစ်ကော်မရှင်က ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိဒေသဖြစ်သည့် မန္တလေး၊ မကွေးနှင့် ရှမ်းတို့အပါအဝင် နိုင်ငံတဝန်းရှိ နယ်မြေအများစုကို စစ်ရှုံး၍ လက်လွှတ်ထားရသည်။
ဓာတ်ပုံ-ဆင်ဟွာ