‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၅ရက်

‎ဗန်းမော်ကို လူအင်အား၊ စစ်လက်နက်၊ ရိက္ခာပို့ပြီး ပြန်စုန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ‎ယနေ့ စက်တင်ဘာ ၅ရက်နေ့ နံနက်၈နာရီခန့်က လေကြောင်းပစ်ကူ များနှင့်အတူ ဗန်းမော်မှ ပြန်ထွက်ခွာလာသည့် စစ်သင်္ဘော အုပ်စုကို စင်ခန်းအနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စင်း ပျက်စီးသွားကြောင်း သိရသည်။

‎”သင်္ဘော ၁၁ စင်းမှာ ခြောက် စင်း ပြန်ဆင်းလာတယ်ပြောပါတယ်။ ကြားဖြတ်တိုက်တာ စစ်သင်္ဘော တစ်စင်း ပျက်စီးပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပျက်စီးသွားသည့် စစ်သင်္ဘောကို အခြားသင်္ဘောဖြင့် ဆွဲ၍ ဆက်လက်ထွက်ခွာသွားရာ ယနေ့ နေ့လယ် ၁၂နာရီခန့်တွင် ဝဲမကို ရောက်ရှိနေပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။

ယခုတိုက်ခိုက်ခံရသော စစ်ကော်မရှင်စစ်သင်္ဘောများသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ‎မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ သံခွန်သင်္ဘောပေါင်း အစီး ၂၀ဖြင့် ဗန်းမော်မြို့အထိ မြစ်ကမ်းတ‌စ်လျှောက် စစ်စခန်းများကို လူအင်အား၊ လက်နက်၊ ခဲယမ်း၊ စားနပ်ရိက္ခာများ ပို့ပြီး ပြန်ဆင်းလာသည့် စစ်သင်္ဘောများ ဖြစ်ကြောင်း သိရသည်။

‎ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တက်လာစဉ်ကလည်း အဆိုပါ စစ်သင်္ဘောများကို ကချင်လွတ် လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်သင်္ဘော လေးစင်း အထိပျက်စီးခဲ့ကြောင်း သိရသည်။

‎ထောက်ပို့ စစ်သင်္ဘောများ ဗန်းမော်မြို့သို့ရောက်ရှိကာ လက်နက်၊ရိက္ခာဖြည့်တင်းပြီးနောက် ဗန်းမော်တိုက်ပွဲမှာ ပြန်လည်ပြင်းထန်လာခဲ့ပြီး စစ်ကော်မရှင်က တပ်ရင်း သုံးခုထက်မနည်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

ပုံစာ-ဧရာ၀တီမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကော်မရှင် စစ်သင်္ဘောများ။ (ပုံဟောင်း)