ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ စက်တင်ဘာ ၅ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ပဲခူးရိုးမပေါ်သို့ ကင်းထောက်ရန်ထွက်လာသည့် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့တွင် သာယာဝတီ ခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ပျူစောထီးခေါင်းဆောင် ဝန ဦးဆောင်သည့် ဆိုင်ကယ် ငါး စီးပါ ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူစောထီး ကျော်ဝင်းစိန် ဆိုသူသေဆုံး၍ ကျန်အဖွဲ့ဝင်များ ထွက်ပြေးသွားကြပြီး ဆိုင်ကယ် တစ် စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အဓိကက ပျူစောထီးခေါင်းဆောင် ဝန ကိုရှင်းဖို့ပါ။ သတင်းရလို့စောင့်ပြီး ပစ်တာ။ ဝနက အဲ့ဘက်မှာ ဆို ပေါ်တာဆွဲတာတွေ သူပဲခေါင်းဆောင်တာ။ ပစ်ခတ်မှုပြီးတော့ သူကလွတ်သွားပြီး သူ့အိမ်မှာပါ အခု မရှိတော့ဘူးလို့သိရတယ်။ အခုလည်း စစ်ကြောင်းအတွက် သူတို့ကကြိုပြီး ကင်းထောက်တဲ့ သဘောပေါ့” ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပျူစောထီးခေါင်းဆောင် ဝနဆိုသူမှာ အုတ်ဖိုမြို့နယ်အတွင်း လူငယ်များကို စစ်မှုထမ်းသင်တန်းများ အတွက် ဖမ်းဆီးပေါ်တာဆွဲလေ့ရှိသည်။ ထို့ပြင် အသက်မပြည့်သေးသည့် ကျောင်းသားများကိုပါ ဖမ်းဆီး၍ မိဘများမှ ငွေကြေးများဖြင့် ပြန်လည်ရွေးယူရသည်အထိရှိခဲ့ကာ ၎င်းကိုစစ်ကော်မရှင်က လက်နက်ပေးအပ်ထားကြောင်းလည်းသိရသည်။

သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုအနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသူများတွင် စစ်ကော်မရှင်ဒေါက်တိုင် များကိုပါ တိုက်ခိုက်သွားမည်ဟု ပြောဆိုထားသည်။

အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်နေ့ကလည်း ‌စစ်ကော်မရှင်တပ်ဖွဲ့များက ဒေါင်းလေး ကျေးရွာသို့ ဒရုန်းဖြင့် ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်အရွယ် မိန်းက‌လေးငယ်နှင့် အမေဖြစ်သူတို့ နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)