ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ဌာန၏ ကြန့်ကြာမှုကြောင့် ယမန်နေ့ ကြာသပတေးနေ့ညက စင်ကာပူသို့ မဟုတ်ဘဲ ဒူဘိုင်းသို့ ဦးတည်ခဲ့ရသည်ဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ယနေ့ (သောကြာနေ့) နံနက်အစောပိုင်းတွင် ပြောကြား ခဲ့သည်။

ယခင်က ကုသပေးခဲ့သည့် ဆရာဝန်နှင့် ကျန်းမာရေးစစ်ဆေးမှု ခံယူရန်အတွက် စင်ကာပူသို့ သွားရောက်ရန် ရည်ရွယ်ခဲ့ကြောင်း X (ယခင် Twitter) ပေါ်တွင် ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၂ နာရီ ၇ မိနစ်က ရေးသားခဲ့သည်။

ယခင်တရားရုံးအမှုကိစ္စပြီးဆုံးခဲ့ပြီးဖြစ်သည့်တိုင် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးရဲများမှ ၎င်း၏ လေယာဉ်ခရီးစဉ်ကို နှစ်နာရီနီးပါး ကြန့်ကြာစေခဲ့သည်ဟု သက်ဆင်က တိုင်တန်းခဲ့သည်။

စင်ကာပူသို့ ပျံသန်းနေစဉ်အတွင်း ည ၁၀ နာရီတွင် ပိတ်လေ့ရှိသည့် စင်ကာပူရှိ ကိုယ်ပိုင်ဂျက် လေယာဉ်များအတွက် ဆီလီတာ (Seletar) လေဆိပ်သို့ အချိန်မီရောက်ရှိနိုင်တော့ မည်မဟုတ်ကြောင်း ၎င်း၏လေယာဉ်မှူးမှပြောကြားခဲ့သည်ဟုလည်း သက်ဆင်က ရေးသားခဲ့သည်။

ထို့ကြောင့် သူ၏ အရိုးနှင့် အဆုတ်ရောဂါကို နှစ်ပေါင်းများစွာ ကုသပေးခဲ့သည့် ဆရာဝန်များရှိရာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှိ ဒူဘိုင်းသို့ လမ်းကြောင်းပြောင်းရန် လေယာဉ်မှူးကို ညွှန်ကြားခဲ့ကြောင်းနှင့် နှစ်နှစ်ကျော်ကြာ မတွေ့ခဲ့ရသည့် သူငယ်ချင်းအချို့နှင့်လည်း ဆုံတွေ့ခွင့်ရမည် ဖြစ်ကြောင်း သက်ဆင်ကဆိုသည်။

သက်ဆင်က ၎င်း၏ Bombardier Global 7500 ကိုယ်ပိုင်ဂျက်လေယာဉ်သည် ဒူဘိုင်းလေဆိပ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းရင်း အချိန်အတော်ကြာ လေထဲတွင် ပျံဝဲနေခဲ့ရကြောင်းလည်း ရေးသား ခဲ့သည်။

အသက် ၇၆ နှစ်အရွယ် ဘီလျံနာသူဌေးနှင့် ဖူထိုင်းပါတီ၏ လက်ရှိခေါင်းဆောင်ဖြစ်သူ သက်ဆင်က စက်တင်ဘာ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ပြီး စက်တင်ဘာ ၉ ရက်တွင် တရားရုံးစီရင်ချက်ကို နားထောင်ရန် တရားရုံးသို့ သွားရောက်မည်ဟု ကတိပြုခဲ့သည်။

တရားရုံးက ၎င်းအား ၂၀၂၃ ခုနှစ်အလယ်ပိုင်းမှ ၂၀၂၄ ခုနှစ်အစောပိုင်းအထိ အကျဉ်းထောင်တွင် မနေဘဲ ဘန်ကောက်ရှိ ရဲဆေးရုံတွင် ကြာမြင့်စွာနေထိုင်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး စီရင်ချက်နာခံရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ကိုးကား-ဘန်ကောက်ပိုစ့်

Ref;Thaksin says immigration delay forced him to head for Dubai