ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ရွာအနီးတွင် စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကော်မရှင်၏ ထိုးစစ်ကို KIA က ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် လမြန်ရွာအနီးသို့ စစ်ကော်မရှင်က စစ်ကြောင်းထိုးလာရာ KIA က တန်ပြန် ထိုးစစ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များ တပ်စွဲထားရာ ဘုရားကျောင်းကို KIA က သိမ်းဆည်းရမိခဲ့သည်။

“စစ်တပ်ဘက်က တပ်စွဲနေရာတွေကို ဝင်သိမ်းတာမှာ လက်နက်တွေလည်း ရပါတယ်။ အညံ့ခံသူ တွေလည်း ရှိလို့ ထိန်းသိမ်းထားရပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ဩဂုတ် ၂၉ ရက်နေ့တွင် စစ်ရေးအရအရေးပါသည့် ဗျူဟာလမ်းဆုံကိုလည်း KIA က တိုက်ခိုက်ပြီး ခြေကုတ်ယူ ထားနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဝိုင်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၏ အမိန့်ဖြင့် သံချပ်ကာယာဉ်များအပြင် အတွဲလိုက်ဒုံးပစ်ယာဉ်များ ကိုပါ စမ်းသပ် ထုတ်သုံးလာကြောင်း သိရသည်။

စစ်ကော်မရှင်သည် ဝိုင်းမော်မှ ဆမား၊ ကန်တုန်ယန်၊ နန်ဆန်ယန်၊ မြစ်ကြီးနား၊ ဗန်းမော်လမ်းမကြီးကို စိုးမိုးမှုရယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ရွှေညောင်ပင်၊ ဆမားလမ်းခွဲကိုပါ နယ်မြေစိုးမိုးမှု ရယူနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့တွင် စစ်ကော်မရှင်က တနိုင်းရှိ KIA ၏ တပ်မဟာ-၂ ဌာနချုပ် နေရာဟောင်းကို Y-12 လေယာဉ်နှစ်စင်းဖြင့် ဗုံးအလုံးရေ ၂၀ ကျော်ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်သည် ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်လာပြီး တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်ကိုလည်း နေ့စဉ် လေကြောင်းဖြင့် ပစ်ကူပေးနေကြောင်း သတင်း ရင်းမြစ်များက ပြောသည်။

ဓာတ်ပုံ-လူမှုကွန်ရက်