ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကော်မရှင်ကို လိုင်းကြေးပေးကာ ကာစီနိုရုံဖွင့်ပြီး တရားမဝင်လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ တရားမဝင်လောင်းကစားဝိုင်းများကို ပုသိမ်-ငွေဆောင်ကား၀င်း အမှတ် ၁ ၂ ဘောတံတား ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

“စစ်တပ်နဲ့ပိုင်တော့ ကာစီနိုရုံဖွင့်ထားတာ တော်တော်ကြာပီ။ ဆိုင်ကယ်ကယ်ရီဆွဲတဲ့သူဆို ဆိုင်ကယ်ပြုတ်၊ အိုးဝေမောင်းတဲ့သူ အိုးဝေပြုတ်၊ ဘယ်သူတိုင်တိုင် အရေးယူတာ‌တွေ မလုပ်ကြဘူး။ လောင်းကစားတွေပေါလာတော့ ဆိုးခိုးလုနှိုက်တွေလဲ ပေါလာတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ကာစီနို လောင်းကစားဝိုင်းများကို ပုသိမ်မြို့ရှိ စစ်ကော်မရှင်တပ်ထံ မကြာခဏ တိုင်းကြားသော်လည်း အရေးယူမှုမရှိကြောင်းနှင့် လောင်းကစားဝိုင်းများလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များမှာ ပုသိမ်မြို့ရှိ ရဲနှင့် စစ်သားများကို လိုင်းကြေးလစဉ်ပေးဆောင်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ယခင်ကထက် လောင်းကစားဝိုင်းမျိုးစုံကို စစ်တပ်ထံ လိုင်းကြေးများပေးဆောင်ကာ ပြုလုပ်လာကြသဖြင့် ဒုစရိုက်မှုများလည်း ပေါများလာကြောင်း ဒေသခံများက မှတ်ချက်ပြုသည်။