‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၄ ရက်

‎ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲတွင် စစ်တပ်နှင့် KIAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေရာ စစ်တပ်က ခံစစ်အနေအထားဖြင့် တိုက်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

‎ယခုရက်ပိုင်းတွင် ဗန်းမော် စစ်မျက်နှာရှိ စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၁၁ ဘက်အထိ ခံစစ်ဆင်တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။

‎”တိုက်ပွဲက စစ်တပ်ဘက်က ခံစစ်ပြန်ဖြစ်ထားပြီ။ သိမ်းထားတဲ့ တပ်ရင်းတွေပြန်မပါအောင် အားထုတ်နေရတယ်ပြောပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ခလရ ၂၃၆၊ အမတ ၃၆၆၊ တကရ ၅၀၁၄ နှင့် ဗန်းမော်လေဆိပ် တို့ကို ပြန်လည်ရယူထားသည့် စစ်ကော်မရှင်တပ်မှာ KIA ၏ ထိုးစစ်ဆင်နေမှုကို လေကြောင်းနှင့် ဒရုန်းအဓိကထား တုန့်ပြန်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များကဆိုသည်။

‎‎စစ်တပ်အနေဖြင့် ဗန်းမော်တွင် အဓိကတိုက်ခိုက်ရေး ခြေလျင်တပ်ရင်း ခလရ ၄၇ တစ်ရင်းသာရှိပြီး ကျန်တပ်ရင်း သုံးရင်းမှာ စစ်လက်ရုံးတပ်များသာဖြစ်ကာ ခံစစ်အနေအထားသို့ ပြောင်းလဲ သွားခြင်းဖြစ်သည်။

‎စစန ၆၄၁ (စစ်လက်နက်ပစ္စည်းတပ်စု) ၊ မဆရ ၁၁ (စစ်မြေပြင်ဆေးတပ်ရင်း)၊ ထပရ ၉၃၃ (ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ) တို့သာ ဗန်းမော်တွင် ကျန်ရှိသည်။

‎ဗန်းမော်ကို စစ်ကော်မရှင်က စစ်သင်္ဘောများဖြင့် လူအင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းပြီးနောက် တိုက်ပွဲများပြန်လည်ပြင်းထန်လာကာ လေကြောင်းပစ်ကူ ဒါဇင်ကျော်ကို နေ့စဉ်အသုံးပြုတိုက်ခိုက်ခဲ့နေကြောင်း သိရသည်။

‎ထို့အပြင် မြို့ပေါ်ရှိ အထပ်မြင့်ဟိုတယ်များတွင်ပါ စိုးမိုးမှုရယူရန်ကြိုးစားခဲ့ပြီးနောက် မြို့တွင်းတိုက်ပွဲပြင်းထန်ကာ စစ်ကော်မရှင်တပ်ဘက်က အစုလိုက် အပြုံလိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

‎လက်ရှိတွင် စစ်ကော်မရှင်က ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ ဖားကန့် ၊ ဝိုင်းမော်တို့တွင် စစ်ရေးဖော်ဆောင်နေပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကို အားပြုနေကြောင်း သိရသည်။