ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

 

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နှင့် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့တို့တွင် ယနေ့ စက်တင်ဘာ ၄ ရက်က အင်အားအသင့်အတင့်ရှိသော ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) ထံမှ သိရသည်။

 

ယနေ့နံနက် ၁၀ နာရီ ၅၂ မိနစ်တွင် ကျောက်ဆည်မြို့ကို ဗဟိုပြုပြီး မြေအောက်အနက် ၁၀ ကီလိုမီတာမှ ရစ်ခ်တာစကေး ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ နေ့လယ် ၁၂ နာရီ ၃ မိနစ်တွင်မူ မော်လိုက်မြို့ကို ဗဟိုပြုပြီး မြေအောက်အနက် ၉၀ ကီလိုမီတာမှ ရစ်ခ်တာစကေး ၄.၄ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း MOHADM က ထုတ်ပြန်သည်။

“ငလျင်က အသံနဲ့လာတာ။ အရင်လှုပ်တုန်းကလိုပဲ (မတ်လငလျင်) အဲဒီလို ခံစားလိုက်ရတယ်။ တော်တော်ကြမ်းတာ။ တုန်ခါမှုလည်း တော်တော်ပြင်းတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပြီးခဲ့သည့် မတ်လတွင် လှုပ်ခတ်ခဲ့သော မန္တလေးနှင့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ငါးလ ကြာပြီဖြစ်သော်လည်း မန္တလေးမြို့ရှိ Skyvilla ကွန်ဒိုအပျက်အစီးများကြားတွင် ယနေ့အထိ လူသေအလောင်းများ ထုတ်ယူနေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

ထိုငလျင်ကြီးကြောင့် သေဆုံးသူစာရင်းသည် ဆက်လက်တိုးလာခဲ့ပြီး စက်တင်ဘာ ၃ ရက်နေ့အထိ စစ်ကော်မရှင်၏ စာရင်းများအရ သေဆုံးသူ စုစုပေါင်း ၃,၈၁၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ငါး ဦးရှိကြောင်း သိရသည်။

 

ဓာတ်ပုံ- MFS, NUG