အယိုက်လင်း/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

 

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် (ULA/AA) က ပြီးခဲ့သည့် ဩဂုတ်လမှစတင်၍ ခရီးသွားပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ခွင့် ယာယီနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ ယာယီနိုင်ငံကူးလက်မှတ်ကို ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာရှိ ULA/AA ၏ စစ်ဆေးရေးဂိတ်တွင် ပြုလုပ်ရပြီး ပလက်ဝမြို့နယ်မှတစ်ဆင့် အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်မည် ဆိုပါက မည်သူမဆို ပြုလုပ်ရမည်ဖြစ်သည်။

 

“အိန္ဒိယဘက်ကို ဘာကိစ္စသွားသွား ရှင်းလက်ဝရွာက ULA/AA ဆီမှာ ယာယီနိုင်ငံကူးလက်မှတ် လုပ်ရတယ်။ အဲဒီလက်မှတ်ပါမှ အဝင်အထွက်လုပ်လို့ရတယ်။ လက်မှတ်တစ်စောင် ကျပ် ၅,၀၀၀ ပေးရပါတယ်” ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ယူရာတွင် ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းရမည် ဖြစ်ပြီး အိန္ဒိယဘက်တွင်မူ ထိုလက်မှတ်မလိုအပ်ကြောင်း သိရသည်။

“နာမည်၊ မွေးသက္ကရာဇ်၊ ပတ်စ်ပို့ ဓာတ်ပုံ၊ ခရီးသွားမယ့်နေရာအတိအကျ၊ အကြောင်းအရင်း၊ ခရီးကြာချိန်တွေကို ဖြည့်သွင်းရတယ်။ အဲဒါပြီးမှ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခင်က မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သော ပလက်ဝမြို့နယ်မှ မီဇိုရမ်ပြည်နယ်သို့ သွားရောက်လိုပါက မည်သည့်အထောက်အထားမျှ မလိုအပ်ဘဲ ဒေသခံများ အလွယ်တကူ အဝင်အထွက် သွားလာနိုင် ခဲ့ကြောင်း သိရသည်။

ULA/AA က ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လမှစ၍ အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝ-မီဇိုရမ် အဝင်အထွက်နေရာများအားလုံးကို လုံခြုံရေးတင်းကျပ် ထားကြောင်း လည်း သိရသည်။

အာရက္ခတပ်တော် (ULA/AA) သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်ကို သိမ်းယူခဲ့ပြီး ရခိုင်ပြည်နယ်၏ ရှစ်ခုမြောက်ခရိုင်တစ်ခုအဖြစ် ထည့်သွင်းဖွဲ့စည်းထားသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ- အိန္ဒိယ-မြန်မာနယ်စပ် တစ်နေရာကို တွေ့ရစဥ်။