ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

 

မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့မှ စစ်ကော်မရှင်ကို ပူးပေါင်းတိုက်ခိုက်သွားရန် ပထမဆုံးအကြိမ်တွေ့‌ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

MSFC ၏ ကာကွယ်ရေးဌာန(DoD)ဌာနမှူး ဦးဆောင်သည့်အဖွဲ့ နှင့် PRA မကွေးမှ ဥက္ကဋ္ဌရဲဘော်နေမွန် ဦးဆောင်သည့်အဖွဲ့တို့၏ ပထမဆုံးအကြိမ်တွေ့ဆုံမှုကို ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ထို့သို့တွေ့ဆုံရာတွင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေး အခြေအနေများအပြင် စစ်ကော်မရှင်ကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းသွားရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ တိုက်ပွဲ ဝင်သွားမည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

“PRAမကွေးနဲ့ ကျွန်တော်တို့ တွေ့ဖြစ်တဲ့အကြောင်းက တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း ဘာလုပ်လို့ ရမလဲဆိုတဲ့ဟာမျိုး အဖြေရှာကြည့်တာကနေစတယ်။ အဲ့ကနေတဆင့် အချင်းချင်းတိုင်ပင်ဆွေးနွေး ပြောဆိုပြီးတော့ ထုတ်ပြန်ချက်မှာပါတဲ့ သဘောတူညီချက် သုံးချက်ရပါတယ်။ အဲ့ဒီအထဲမှာ စစ်ကောင်စီကပြုလုပ်သွားမယ့်ရွေးကောက်ပွဲကို ကျွန်တော်တို့ အတူတူဆန့်ကျင်သွားမယ်။ ပြီးလို့ရှိရင် နိုင်ငံရေးအရရော စစ်ရေးအရရော အပြန်အလှန်အကူညီတွေပေးပြီး လက်တွဲလုပ်ဆောင်ဖို့ဖြစ်ပါတယ်” ဟု MSFC ကာကွယ်ရေးဌာန ဌာနမှူးနိုင်တလနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သွားရန်၊ အဖွဲ့အစည်းနှစ်ခုမှ နိုင်ငံရေးအရ အတူအကွပူးပေါင်းဆောင်ရွက်သွားရန်၊ MSFC နှင့် PRA-Magway တို့သည် စစ်ရေး၊ နိုင်ငံရေးအရ အပြန်အလှန်ကူညီရပ်တည်သွားရန် တို့ပါရှိကြောင်းလည်း သိရသည်။

 

“တစ်ဖက်မှာကတော့ လောလောဆယ်မှာဖြစ်မလာသေးပေမယ့် ကျွန်တော်တို့တော်လှန်ရေး တပ်ပေါင်းစုတစ်ခု ဖြစ်ဖို့အတွက် ကြိုးစားနေတာလဲပါတယ်ပေါ့နော်။ အဲ့အတွက် ဒီဟာကလမ်းစလည်း ဖြစ်နိုင်တယ်ပေါ့နော်။ ကျွန်တော်တို့ အဲ့အတွက်ကို တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်တယ်” ဟု ဌာနမှူး နိုင်တလနိုင်က ဆက်လက်ပြောကြားသည်။

 

ဓာတ်ပုံ – MSRF၊ PRA-Magway