ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၄ ရက်

 

မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်ဟာ ဒီတစ်ခါ တရုတ်ပြည်ခရီးစဉ်မှာ သူ့ရဲ့ ကိုယ်ပိုင်အိမ်သာနဲ့ သွားလာခဲ့တယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက ဖော်ထုတ် ခဲ့ပါတယ်။

 

ကင်မ်ဂျုံအွန်ဟာ သူ့ရဲ့ DNA နဲ့ ကျန်းမာရေးဆိုင်ရာ လျှို့ဝှက်ချက်တွေ အပြင်ကို မပေါက်ကြားအောင် ကာကွယ်ဖို့အတွက် ယခုလို ပြုလုပ်ခဲ့ခြင်းပဲဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ တရုတ်နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ဖို့အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့က ပေကျင်းကို ထွက်ခွာခဲ့တာဖြစ်ပြီး သူ့ရဲ့ အစိမ်းရောင် သံချပ်ကာရထားပေါ်မှာ အဆိုပါ သီးသန့်အိမ်သာကို ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။

 

ကင်မ်ဂျုံအွန်ဟာ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံပြီးတဲ့နောက် သူ့ရဲ့အခြွေအရံတွေဟာ အစည်းအဝေး ခန်းထဲက ပရိဘောဂတွေ၊ ဖန်ခွက်တွေအပါအဝင် သူထိခဲ့တဲ့ ပစ္စည်းမှန်သမျှကို အသေးစိတ် သန့်ရှင်းရေးလုပ်နေတာကိုပါ တွေ့ရှိခဲ့ရပြီး DNA နဲ့ပတ်သက်တဲ့ ဘယ်လို သဲလွန်စမျိုးမှ မကျန်ရှိစေဖို့ ဖျောက်ဖျက်ခိုင်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“ခေါင်းဆောင်ကြီးရဲ့ ကျန်းမာရေးအခြေအနေဟာ မြောက်ကိုရီးယားအစိုးရအတွက် အကြီးမားဆုံး လျှို့ဝှက်ချက်ပါ။ ဒါကြောင့် ဆံပင်နဲ့ မစင်လို အရာမျိုးတွေအပြင် မည်သည့် သဲလွန်စလေးမျှ အပြင်မထွက်အောင် သူတို့ အထူးသတိထားကြပါတယ်” လို့ မြောက်ကိုရီးယားရေးရာ ကျွမ်းကျင်သူ တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိတစ်ဦးက ဂျပန်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ကင်မ်ဂျုံအွန်ဟာ သူ့ရဲ့ သံချပ်ကာရထားပေါ်မှာ သီးသန့်အိမ်သာကို တပ်ထားပြီး ဒါဟာ နိုင်ငံခြား ခရီးစဉ်တွေမှာ သူတစ်ဦးတည်းပဲ သုံးတဲ့ အိမ်သာလို့လည်း သိရပါတယ်။

 

ဒါ့အပြင် သတင်းတွေအရ ရုရှားသမ္မတပူတင်ဟာလည်း ကင်မ်ဂျုံအွန်နည်းတူ သူ့ခန္ဓာကိုယ်က စွန့်ပစ်ပစ္စည်း တွေကို ကောက်ဖို့အတွက် ကိုယ်ပိုင် “အိမ်သာရှာဖွေသူ” ကို ခန့်ထားတယ်လို့ ဆိုပါတယ်။

 

ကိုးကား-NEW YORK POST, The Daily Beast
ဓာတ်ပုံ-လူမှုကွန်ရက်