
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းတွင် စစ်ရေး ပိုမိုပြင်းထန်လာပြီး မြို့ပေါ်ရပ်ကွက်များတွင်ပါ ထိတွေ့တိုက်ပွဲများ ပြင်းထန်လာကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယမန်နေ့ စက်တင်ဘာ ၂ ရက်နေ့မှစကာ လာမည့် စက်တင်ဘာ ၈ ရက်နေ့အထိ အခြေခံကျောင်းများအားလုံး ပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် စက်တင်ဘာ ၁ ရက်နေ့တွင် ဖားကန့်မြို့ မရှိကထောင်ရပ်ကွက်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မရှိကထောင်ထဲက လူငယ်တွေအများကြီးအဖမ်းခံရတယ်။ တိုက်ပွဲလည်းရှိနေတော့ ကျောင်းတွေကိုပိတ်ခိုင်းထားပါတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကာမိုင်း-လုံးခင်းလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ဖားကန့်မြို့ကို ရောက်ရှိလာပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များနှင့် စစ်ရေးတင်းမာမှုရှိလာကာ တိုက် ပွဲအရှိန်ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။
ဖားကန့်နှင့် လုံးခင်းဒေသတစ်ဝိုက်တွင် စစ်ကော်မရှင်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုး နေပြီး ကျေးရွာအချို့တွင်ပါ တပ်စွဲနေရာယူထားမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်က ဩဂုတ် ၂၈ ရက်နေ့တွင် ပန်းတင်တံတားအနီးမှ လူငယ် ၁၀ ဦး၊ ၂၉ ရက်နေ့တွင် မရှိကထောင်ရပ်ကွက် ကျောက်စိမ်းတံတားမှ လူငယ် ၁၅ ဦး၊ ၃၀ ရက်နေ့တွင် ကျောက်စိမ်းသူ စားသောက်ဆိုင်မှ လူငယ် ၁၀ ဦး၊ ၃၁ ရက်နေ့တွင် သုံးဘီးဂိတ်မှ လူငယ် သုံး ဦး အပြင် ဖားကန့် ကျောက်ဝိုင်းအတွင်းမှ လူငယ် လေး ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကော်မရှင်က မြေပြင်မှစစ်ကြောင်းထိုးနေသည့်အပြင် ဖားကန့်ဗျူဟာကုန်းမှပါ လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ခဲ့သည့်အတွက် ငှက်ပျောတောရပ်ကွက်သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး အရပ်သား သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
KIA ၊ KPDFပူးပေါင်းအဖွဲ့သည် တိုက်ပွဲဖြစ်ပွားနေသည့် မရှိကထောင် ရပ်ကွက်အတွင်းမှ ဒေသခံများကို ကြိုတင်ပြောင်းရွှေ့ထားကြရန် သတိပေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။
ပုံစာ-ဖားကန့်မြို့တွင်းတစ်နေရာ။(ပုံဟောင်း)