ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံအုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူတို့သည် စစ်မှုထမ်းအတွက် အိမ်ပေါ်တက်ပြီး အဓမ္မဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံ၊ ဆပ်လူး၊ ကညင်ချောင်း၊ နွားရေကျော် စသည့်ကျေးရွာများမှ အိမ်ခြေ ၄၀၀ ကျော်ရှိရာ အုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် သားဖြစ်သူ ကျော်စိုးထက်တို့သည် စစ်ကော်မရှင်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်မှုထမ်းပေါ်တာဆွဲ၍ လူအရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သည်။

“လူငယ်တွေကို သားအဖနှစ်ယောက်ပေါင်းပြီး လူဖမ်းငွေတောင်းနေတာ။ စစ်တပ်နဲ့ပေါင်းပြီး ထင်သလိုရမ်းကားနေလို့ သူတို့ကိုဆို မော်တောင် မကြည့်ရဲဘူး။ စစ်မှုထမ်းထောက်ပံ့ကြေးကိုလည်း လစဉ်တိုးကောက်နေလို့ ပြည်သူတွေခက်ခဲနေကြပါတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လပွတ္တာခရိုင်အတွင်းရှိ မြို့နယ်များဆီသို့ စစ်မှုထမ်း ဥပဒေနှင့် လူဖမ်းဆီးပို့ဆောင်ရာတွင် အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူသည် လူတစ်ဦးပို့နိုင်ပါက သိန်း ၁၀၀ ဝန်းကျင်အထိ ရရှိနေသည့်အတွက် အကြမ်းဖက်ကာ အဓမ္မဖမ်းဆီးမှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပေးသည်။

အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူသည် ကျေးရွာအုပ်စု အတွင်းရှိ နေအိမ်များပေါ်ထိပါ တက်ရောက်၍ အတင်းအဓမ္မ လူဖမ်းဆီးမှုများ အတင့်ရဲစွာပြုလုပ်နေကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးသည်လည်း ကျေးရွာများအတွင်းမှ စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုကာ ငွေကြေးများတိုးမြှင့် ကောက်ခံနေပြီး ဒေသခံများမှာ စားဝတ်နေရေးအတွက် ခက်ခဲနေသည့်ကြားက စစ်မှုထမ်းထောက်ပံ့ ကြေးပေးနေရခြင်းဖြစ်သည်။