
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့နယ်ရှိ အမှတ်-၆ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၆)အနီးရှိ စစ်ကော် မရှင်၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းယူထားကြောင်း သိရသည်။
ပန်းတောင်းလမ်းပေါ်ရှိ စစ်ကော်မရှင်၏ ကာကင်းစခန်းအချို့ကို AA သိမ်းယူပြီးနောက် ယမန်နေ့ စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် စစ်ကော်မရှင်က ပြန်လည်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“AA သိမ်းထားတဲ့ ကာကင်းတွေကို လာတိုက်တဲ့ စစ် တပ်ကစစ်သားတွေ အလောင်းတွေထားပြီး ဒီတိုင်းပြန်ဆုတ်နေရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆင်လန်ကျေးရွာအနီးတစ်ဝိုက်ရှိ AA ပူးပေါင်းတပ်များ၏ ကာကင်းစခန်းတစ်ခုကို စစ်ကော်မရှင်က ဒရုန်းနှင့် မြေပြင်စစ်ကြောင်း အင်အားအလုံးအရင်းသုံး ၍ ဝင်ရောက်ထိုးစစ်ဆင် စီးနင်းတိုက်ခိုက်ရာတွင် စစ်ကော်မရှင်ဘက်မှ စစ်အင်အား စစ်ကားငါးစီးနှင့် ပို့ထားသည့် တပ်ဖွဲ့ဝင်အများစု သေဆုံးပြီး အလောင်းများကိုထားကာ တပ် ပြန်ဆုတ်သွားရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းတပ်နယ်၊ ညောင်ကျိုးရိုးပေါ်တွင် စစ်ကော်မရှင်တပ်များ တပ်ဖြန့်နေရာယူနေပြီး AA သိမ်းထားသည့် ညောင်ကျိုးစခန်းနှင့် အနီးဆုံးဖြစ်မည့် နေရာကိုရွေးချယ်ကာ ရိက္ခာစုပုံစခန်းအဖြစ် အခြေပြုနိုင်ရန် စစ်ကော်မရှင်က ပြင် ဆင်လျက်ရှိကြောင်း သိရသည်။
လတ်တလောအခြေအနေတွင် ညောင်ခြေထောက် ကပစ ၆ နေရာ၌ ရိက္ခာများစုပုံထားပြီး ပြီးခဲ့သည့်ရက်ပိုင်းက ရိက္ခာပစ္စည်းများကို ကွန်တိန်နာကားများဖြင့် သွင်းယူလာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်သည် ညောင်ကျိုးကျေးရွာရှိ ၎င်းတို့၏စခန်းကုန်း အသိမ်းခံရပြီးနောက် ညောင်ကျိုးကျေးရွာနှင့် မိုင်အနည်း ငယ်ခန့်သာ ကွာဝေးသည့် ဆင်လန်ကျေးရွာတွင် ကာကင်းစခန်းများကို အခိုင်အမာတည်ဆောက်ပြီး ခံစစ်ပြင်ဆင်ထားခြင်းဖြစ်သည်။
ညောင်ကျိုးနှင့် အနီးတစ်ဝိုက်ရှိ ကာကင်းစခန်းများကို AA နှင့်ပူးပေါင်းတပ်က ထိန်းချုပ်ထားသလို တောင်ကုတ် -ပန်းတောင်းလမ်းပေါ်ရှိ ရိုးပေါ်မှ စစ်ကော်မရှင်စခန်းအချို့ကိုပါ AA ကသိမ်းယူထား၍ စစ်ကော်မရှင်က ညောင်ခြေထောက် ဘက်ခြမ်းတွင်သာ ထိန်းချုပ်ဆဲအခြေအနေရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်နေ့က ဆင်လန်ကျေးရွာ စခန်းအနီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်က လေကြောင်းပစ်ကူများပါသုံး၍ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်နေပြီး တိုက်ပွဲဖြစ်ပွားသည့် နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ လူနာတင်ယာဥ်များ ဥသျှစ်ပင်မြို့မှနေ၍ ရွှေတောင် ကုတင် ၁၀၀ ဆေးရုံသို့ ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို အကြိမ် ကြိမ်ပို့ဆောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-AA Info Desk