ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

 

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို SCO အဖွဲ့ဝင်အဖြစ် ထောက်ခံပေးရန်အတွက် စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံ့ခေါင်းဆောင် ၂၀ ကျော်ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

 

စစ်ခေါင်းဆောင်က “အင်အားကြီးနိုင်ငံအချို့က နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေး ဖိအားပေးမှုမျိုးစုံနဲ့ အနိုင်ကျင့်နေကြပါတယ်” ဟု ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံအတွက် ဝင်ရောက် မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာကို လေးစားမှုရှိရေးနှင့် တန်းတူညီမျှရေးတို့ပါဝင်သည့် SCO ၏ အခြေခံမူများသည် အရေးကြီးသည်ဟု ဆိုသည်။

အဆိုပါအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ နိုင်ငံ ၂၄ နိုင်ငံမှ ခေါင်းဆောင်များအပါအဝင် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးအတွက် အဆိုပြုချက်ငါးချက် တင်သွင်းခဲ့ရာ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုအဆိုပြုချက်များကို ထောက်ခံခဲ့ကြောင်း သိရသည်။

 

၎င်းအဆိုပြုချက်ငါးချက်မှာ- (၁) SCO မတူကွဲပြားမှုများ ခိုင်မာစွာအတူရပ်တည်နိုင်ရေး၊ (၂) အပြန် အလှန်အကျိုးဖြစ်ထွန်းရေး၊ (၃) ပွင့်လင်းမှုနှင့် သက်ညှာထောက်ထားမှု၊ (၄) တရားမျှတမှုနှင့်မှန်ကန်မှု၊ (၅) လက်တွေ့ကျပြီး ထိရောက်နှုန်းမြင့်မားမှုတို့ဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းအဆိုပြုချက်များသည် လက်ရှိနိုင်ငံအများအပြား ရင်ဆိုင်နေရသည့် မမျှတမှုများကို ထိန်းသိမ်းဆောင်ရွက်ရန်အတွက် အောင်မြင်မှုရလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များစွာပိုင်ဆိုင်ထားပြီး SCO အဖွဲ့ဝင်နိုင်ငံများနှင့် စိုက်ပျိုးရေး၊ စက်မှုလက်မှုနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ထားရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) တွင် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဘယ်လာရုစ်တို့ ပါဝင်ပြီး ယင်းအဖွဲ့ဝင် နိုင်ငံများသည် ဥရောပ-အာရှဒေသတစ်ခုလုံး၏ ၆၀ ရာခိုင် နှုန်း၊ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သိရသည်။

 

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ မေလတွင် SCO ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပြီး ယခုအခါ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်