ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

ရှမ်းမြောက်ရှိ ကိုးကန့်တပ် MNDAA အပါအဝင် ညီနောင်မဟာမိတ် သုံးဖွဲ့ ထိန်းချုပ်ထားသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဂိတ်ကို စစ်ခေါင်းဆောင်က ပြန်လည်တောင်းယူနေကြောင်း သိရသည်။

စစ်ကော်မရှင်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ် ပြန်လည်ရရှိရေးအတွက် ကူညီပေးရန် တရုတ်အစိုးရထံသို့ အဆိုပြုတင်ပြထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“၁၀၅ မိုင်ဂိတ်ကို လက်လွှတ်ထားရတာဟာ တရုတ်အစိုးရအတွက်ပါ စီးပွားရေးအရ ထိခိုက်နေတယ်။ ပြီးတော့ တရားမဝင် လက်နက်တွေပါ တော်လှန်ရေးတပ်ဖွဲ့က ရနေတဲ့အတွက် နယ်မြေမတည်ငြိမ်ဘူး ဆိုတဲ့ အကြောင်းပြချက်တွေ တင်ပြခဲ့ပြီး ၁၀၅ မိုင်ဂိတ်ကို ပြန်တောင်းပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရတယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်မ်းကို ပြောသည်။

နှစ်နိုင်ငံကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ‌ကူညီဆောင်ရွက်ပေးရန် အဆိုပြုတောင်းဆိုခဲ့ပြီး အဆိုပါတောင်းဆိုမှုတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ် ပြန်လည်ရရှိရန် မဟာမိတ်သုံးဖွဲ့ထံမှ တောင်းယူပေးရန် တရားဝင်တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်က ယခုရက်ပိုင်း သွားရောက်ခဲ့သည့် တရုတ် ခရီးစဉ်အတွင်းတွင် ရှမ်းမြောက် ဒေသအတွက် ထည့်သွင်းဆွေးနွေးမှုများပြုလုပ်ခဲ့သလို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ပြန်လည် ရရှိရေး အတွက် ဆွေး နွေးမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ကို ပြန်လည်ရယူလိုသည်မှာ ယူနန်ပြည်နယ်၏ စီးပွားရေးကိုလည်း ထိခိုက်လျက်ရှိသည့်အပြင် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အတွင်း မူဆယ်-ရွှေလီနယ်စပ်ဂိတ်မှ အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ ကျော် ကုန်စည်စီးဆင်းမှု ရှိကြောင်း စစ်ခေါင်း ဆောင်က ထုတ်ဖော်ပြောဆိုထားသည်။

စစ်ကော်မရှင်က တရုတ်အစိုးရအကူအညီဖြင့် လား ရှိုးမြို့ကို ပြန်လည်သိမ်းယူထားပြီး MNDAA ထိန်းချုပ်နယ်မြေ သိန္နီကိုပါရရှိရန် ညှိနှိုင်းမှုများ အကြိမ်ကြိမ်လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကို သာလွန်အင်အားသုံး၍ ထိုးစစ်ဆင်တိုက်ယူထားပြီး ကျောက်မဲမြို့ကိုပါ တိုက်ခိုက်လာရာ ယခုအခြေအနေတွင် TNLA က ဂုတ်တွင်းနှင့် နောင်ပိန်ရွာအထိ လက်လွှတ်ထားရပြီး စစ်ကော်မရှင်က ထိန်းချုပ်ထားသည်။

စစ်ခေါင်းဆောင်က တရုတ်သမ္မတနှင့် တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တည်ငြိမ်ရေး အတွက် နယ်စပ်ဒေသမှ လက်နက်ကိုင်အဖွဲ့များကို တရုတ်ကဖိအားပေးနေမှုအပေါ် ကျေးဇူးတင် ကြောင်း ထုတ်ဖော်ပြော‌ဆိုခဲ့သည်။

ပုံစာ-မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဂိတ်ကိုတွေ့ရစဉ်။ (ပုံဟောင်း)