
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ခေတ်မီတိုးတက်သောမြန်မာနိုင်ငံတော်အတွက် အလင်္ကာကျော်စွာမြို့မငြိမ်းရေးဖွဲ့ထားသော လူချွန်လူကောင်းသီချင်းကို မိသားစု၏ခွင့်ပြုချက်မရရှိပဲ အသုံးမပြုရန် ယမန်နေ့တွင် မြို့မငြိမ်းမိသားစုက သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်မရှင်ကျင်းပသောရွေးကောက်ပွဲကို ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေအင်အားစုပါတီ ( NDF) က ပါတီစည်းရုံးရေးသီချင်းအဖြစ် လူချွန်လူကောင်းသီချင်းကို အသုံးပြုမည်ဟုသတင်းထွက်လာသဖြင့် မြို့မငြိမ်းမိသားစုက ယခုကဲ့သို့ ကန့်ကွက်ခြင်းဖြစ်သည်။
နိုင်ငံတော်ပုံရိပ်အဖြစ်မျှော်မှန်းရေးသားသော လူချွန်လူကောင်းသီချင်းကို ဖခင်ကြီး၏ အမွေဆက်ခံသောမြို့မငြိမ်းမိသားစုထံ အသိပေးခွင့်ပြုချက်ရယူခြင်းမရှိဘဲ နိုင်ငံရေး၊ စီးပွားရေးနှင့်ပတ်သက်သောအဖွဲ့အစည်းများ ပုဂ္ဂိုလ်များက ကိုယ့်အကျိုးစီးပွားအတွက် သီချင်းကိုတစ်ပုဒ်လုံးဖြစ်စေ၊ သီချင်းစာသားတစိတ်တစ်ပိုင်းဖြစ်စေအသုံးပြုခြင်းကို ကန့်ကွက်ကြောင်း မြို့မငြိမ်းမိသားစုက ထုတ်ပြန်ထားသည်။
လူချွန်လူကောင်းသီချင်းကို အစိုးရတစ်ရပ်၊ ပါတီတစ်ဖွဲ့အတွက် သေးသိမ်စွာရေးစပ်ခဲ့ခြင်း မဟုတ်ကြောင်းနှင့် ပါတီတစ်ဖွဲ့မဲဆွယ်ရန် အောက်တန်းကျစွာ ရည်ရွယ်ရေးစပ်ခြင်းမဟုတ်ကြောင်း မန္တလေးမြို့ခံစာရေးဆရာဆူးငှက်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့သည်။
ထို့ပြင် လင်္ကာကျော်စွာမြို့မငြိမ်း၏ သီချင်းများကို မြို့မအပျော်တမ်းတူရိယာအသင်း၏ တာဝန်ရှိသူများအနေဖြင့်လည်း အသင်းကလက်ခံတီးမှုတ်သောဧည့်ခံဖျော်ဖြေပွဲများတွင် သီဆိုနိုင်ပြီး အခြားမည်သည့်အကျိုးစီးပွားအတွက်မှ ပေးအပ်ရောင်းချခွင့်မရှိကြောင်း မြို့မငြိမ်းမိသားစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူချွန်လူကောင်းသီချင်းသည် ၁၉၅၂ ခုနှစ်တွင် ဖဆပလအစိုးရလက်ထက် ဝန်ကြီးချုပ် ဦးနု၏ ပြည်တော်သာစီမံကိန်းအတွက် ဝါဒဖြန့်ရန် ဂုဏ်ပြုသီချင်းရေးစပ်ပြိုင်ပွဲလုပ်ရာမှ ပေါ်ထွက်လာသည့် သီချင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှာပင် မြို့မငြိမ်းရေးစပ်ထားသော မြန်မာ့ရိုးရာသင်္ကြန်သီချင်း တူးပို့ တူးပို့သီချင်းစာသားကို Toborg ဘီယာပုလင်းတွင်းထည့်သွင်းသုံးစွဲသဖြင့် ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့သည်။
လင်္ကာကျော်စွာမြို့မငြိမ်းသည် ၁၉၀၉ ခုနှစ်တွင်မွေးဖွားပြီး ၁၉၅၅ ခုနှစ်တွင်သေဆုံးကာ ပါရမီထူးချွန်သည့်ဂီတပညာရှင်ဖြစ်ပြီး သီချင်းပေါင်း ၂၀၀ ကျော်ရေးစပ်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်