
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ကျေးရွာ အနောက်ဘက်မှ ကျေးရွာများကို စစ်ကော် မရှင်က ရွှေ့ပြောင်းခိုင်းထားပြီး ရွှေ့ပြောင်းပေးရန်အတွက် ရက်ကန့်သတ်ပေးထားကြောင်း သိရသည်။
စစ်ကောင်မရှင်သည် ရေကြည်မြို့နယ် အမြောက်တပ် (၃၄၄) နှ င့်နီးကပ်သည့် ကျေးရွာပေါင်း ၁၀ ရွာခန့်ကို ပြီးခဲ့သည့် ဩဂုတ် ၂၆ရက်နေ့က စတင်ပြောင်းရွှေ့ခိုင်းခဲ့ပြီး ရွှေ့ပြောင်းချိန် ၂ရက်သာပေးမည်ဟု ပြောဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။
”၂ ရက်အတွင်းပြောင်းရွှေ့ခိုင်းပြီး မပြောင်းကြလို့ လက်နက်ကြီးမှန်တာ၊ ရွာမီးရှို့ခံရတာဖြစ်လာရင် အသံမထွက်ကြနဲ့လို့ ပြောပါတယ်” ဟု ငသိုင်းချောင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်၏ မောင်းထုတ်ခြင်းခံရသည့်ဒေသခံများမှာ ငသိုင်းချောင်းမြို့ပေါ်သို့ ပြောင်းရွှေ့ နေထိုင်ကြပြီး စားသောက်နေထိုင်ရေးအတွက် အခက်အခဲများရှိကြောင်း သိရသည်။ စစ်ကော်ါမရှင်က ဒေသခံများကို မောင်းထုတ်သည့်အပြင် လက်ပံပင်ဂိတ်ကိုပါ ပိတ်လိုက်သည့်အတွက် လယ်စိုက်ပျိုးသူများ လယ်ရိတ်ခွင့်မရတော့ဘဲ မျိုးစပါးရော၊ ဝမ်းစာစပါးပါ ဆုံးရှုံးရကြောင်း သိရသည်။
ရေကြည်မြို့နယ်အတွင်းမှ မအူကန်၊ ယမင်းကူ၊ မြတ်တို၊ ငှက်သိုက်၊ ဆီဆုံကုန်း၊ သစ်ဖြူ၊ ညောင်စုစသည့် ကျေးရွာများရှိ ဒေသခံများသည်လည်း ကျေးရွာများမှ ဖယ်ပေးရကြောင်း သိရသည်။ စစ်ကော်မရှင်က အမြောက်တပ် ၃၄၄ကို အင်အားတိုးချဲ့ထားပြီး လက်နက်၊ ခဲယမ်း တင်ပို့မှုများလုပ်ဆောင်နေကာ အနီးဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်လျက် ရှိသည်။
ရေကြည်၊ အင်္ဂပူ၊ လေးမျက်နှာဘက်ကိုလည်း လူအင်အားနှင့် လက်နက်များပို့ဆောင်နေပြီး လမ်းကြောင်းတလျှောက် ရှိ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းမှ ကင်းထောက် ပစ်ခတ်မှုများရှိကြောင်း သိရသည်။