ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၃ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က မြန်မာပြည်သူများနှင့် NUG ကိုယ်စား တရုတ်အစိုးရထံသို့ တိုက်တွန်းချက် သုံး ချက်ပါဝင်သည့် စာတစ်စောင်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က ပေးပို့ခဲ့သည်။

ယင်းစာတွင် တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ကြားရန်နှင့် ၎င်းတို့၏ အတု အယောင်ရွေးကောက်ပွဲကို မကူညီရန် အဓိကတိုက်တွန်းထားကြောင်း NUG ၏ ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါစာတွင် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာ့စီးပွားရေး ထိခိုက် ခဲ့ပြီး လူဦးရေတစ်ဝက်နီးပါး ဆင်းရဲတွင်းနက်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် သမ္မတ ရှီကျင့် ဖျင်နှင့် သမ္မတဦးဝင်းမြင့်တို့ လက်မှတ်ရေး ထိုးခဲ့သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပါအဝင် အခြေခံစီးပွားရေးအဆောက်အအုံများစွာလည်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြိးမင်းအောင်လှိုင်သည် တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို နယ်စပ်ဒေသများတွင် ခွင့်ပြုပေးခဲ့ပြီး၊ ယင်းလုပ်ငန်းများကြောင့် တရုတ်နိုင်ငံသားအများစု ထိခိုက် နစ်နာကာ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်းလည်း အဆိုပါစာတွင် ထည့်သွင်းဖော်ပြ ထားသည်။

ထို့ကြောင့် NUG အနေဖြင့် (၁) စစ်အုပ်စုကို အသိအမှတ်ပြုခြင်းအား ဆိုင်းငံ့ထားရန်၊ (၂)စစ်အုပ်စုက တောင်းဆိုသည့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်းကိစ္စအား ငြင်းပယ်ရန်၊ (၃) အာဏာသိမ်း စစ်ခေါင်းဆောင်အား ‘ယာယီသမ္မတ’ ဟု ရည်ညွှန်းကိုးကားခြင်းအား ရပ်စဲရန်ဟူသည့် တိုက်တွန်းချက် သုံး ချက်ကို လုပ်ဆောင်ပေးရန် တရုတ်အစိုးရထံ တောင်းဆိုထားသည်။

NUG သည် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဟု ယုံကြည် နေဆဲဖြစ်ကြောင်းလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ ပေးစာတွင် ဖော်ပြထားသည်။

ပုံစာ-NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။