
ဧရာဝတီတိုင်းမ်
(ပဲခူး)၊ စက်တင်ဘာ ၃ ရက်
ပဲခူးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားရာ နယ်မြေအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ယမန်နေ့ စက်တင်ဘာ ၂ ရက်နေ့က တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကော်မရှင် စစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ရှစ် ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်းလည်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ထုတ်ပြန်ချ က်အရ သိရသည်။
“လက်ရှိက အချို့နေရာတွေက ထိပ်တိုက်ဆိုင်ထားတဲ့နေရာတွေ ရှိနေပါတယ်။ အခုကတော့လိုအပ်တဲ့ စစ်ရေးပိုင်းလောက်ကို ထုတ်ပြန်ပေးတာဖြစ်ပါတယ်” ဟု ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်စစ်ကြောင်းထံမှ လက်နက်ငယ် ခုနစ် လက်၊ RPG တစ် လက်၊ ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် (၂ ) စစ်ဆင်ရေးနယ်မြေ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲပြီးနောက် အထိနာခဲ့သည့် အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်ရှိတွင်လည်း ပဲခူးတိုင်းအရှေ့ခြမ်းဒေသရှိ ဒေသများမှာ မြို့ပေါ်ဒေသများမှ လွဲ၍ ကျန်ဒေသ အများစုကို တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီ တပ်ရင်း (P-29903)၊ အမှတ်-၃၅၀၂ တပ်ရင်း နှင့် KNLA တပ်ရင်း-၈ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အမှတ်(၂) စစ်ဆင်ရေးနယ်မြေ။