ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

 

တရုတ်နိုင်ငံကို ရောက်ရှိနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပေကျင်းမြို့၊ လင်ကွမ်းဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား မြန်မာနိုင်ငံသို့ ပင့်ဆောင်အပူဇော်ခံရန် ပြောဆိုခဲ့ကြောင်းသိရသည်။

 

အာဏာသိမ်းပြီး လေးနှစ်ခွဲကျော်မှ တရုတ်သို့ ဒုတိယအကြိမ် သွားရောက်ခွင့်ရသော စစ်ခေါင်းဆောင်သည် ယမန်နေ့ စက်တင်ဘာ ၂ ရက်က ပေကျင်းမြို့ရှိ လင်ကွမ်းဘုရားကျောင်းကို ရောက်ရှိကာ ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်က ဗုဒ္ဓမြတ်စွယ်တော်ကို ပင့်ဆောင် အပူဇော်ခံရန် ကျောင်းထိုင်ဆရာတော်ထံ မေးမြန်း လျှောက်ထားရာ ပြည်ပဘုရားဖူးများ လာရောက်ဖူးမြော်မှုအပါအဝင် စသည်တို့ကို စစ်ခေါင်းဆောင် အား ပြန်လည်မိန့်ကြားခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။

 

တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်မှုသည် ၁၉၅၅ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၄ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၆ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ်ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လင်ကွမ်းဘုရားကျောင်းသည် ဗုဒ္ဓ၏ စွယ်တော်၊ ဓာတ်တော်နှင့် ရှေးဟောင်းစေတီတော်များ တည်ရှိသောကြောင့် လူသိများသော သမိုင်းဝင်ဗုဒ္ဓဘုရားကျောင်းတစ်ခုဖြစ်ကာ တန်မင်းဆက် လက်ထက်တွင် တည်ဆောက်ခဲ့ကြောင်း သိရသည်။

 

ယခင်မူလက ကျိမ်ကျယ်ဘုရားကျောင်းဟု ခေါ်တွင်ပြီး လျောင်မင်းဆက်လက်ထက်တွင် ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ကာ လင်ကွမ်းဘုရားကျောင်းဟု အမည်ပြောင်းလဲခဲ့ကြောင်း သိရသည်။

 

ထို့နောက် မင်မင်းဆက်လက်ထက်တွင် ဘုရားကျောင်းသည် ဝတ်ပြုရေးနှင့် ဘုရားဖူးခရီးစဉ်ကို အဓိကဗဟိုပြုချက် ဖြစ်လာပြီး ချင်မင်းဆက်၊ ချင်လုံဧကရာဇ်လက်ထက် ၁၇၄၈ ခုနှစ်တွင် အုတ်နှင့်ကျောက်တို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရန် Tooth Relic စေတီကို တည်ဆောက်ခဲ့ကြောင်း သိရသည်။

 

ယင်းစေတီတော်သည် ၁၃ ထပ်ရှိ အဋ္ဌဂံအုတ် မျှော်စင်ဖြစ်ပြီး ချင်မင်းဆက်ကျဆုံးပြီး ၁၉ ရာစုမှ ၂၀ ရာစုအစောပိုင်း နိုင်ငံ ရေးမငြိမ်သက်မှုများကြောင့် ထိုလင်ကွမ်းဘုရားကျောင်း ထိန်းသိမ်းမှုကို ထိခိုက်စေခဲ့ကြောင်း သိရသည်။

 

ဒုတိယတရုတ်-ဂျပန်စစ်ပွဲ (၁၉၃၇-၁၉၄၅)အတွင်း ပျက်စီးသွားခဲ့ပြီး ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း၌ ပြန်လည်ပြုပြင်၍ လက်ရှိတွင် ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ စေတီတော်ကို ပြုပြင်မွန်းမံခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ဓာတ်ပုံ- MOI