နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အိန္ဒိယနိုင်ငံက ထောက်ခံကူညီနေမှု သတိထားစောင့်ကြည့် ရမည်ဖြစ်ပြီး ဝန်ကြီးချုပ် မိုဒီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကလည်း နိုင်ငံတကာ ရာဇဝတ်မှုများ၌ အားပေးကူညီမှုများ တိုးမြှင့်ပေးအပ်နေကြောင်း လေ့လာသူများထံမှ သိရသည်။

အိန္ဒိယနိုင်ငံသည် လာမည့် ဒီဇင်ဘာတွင် ပြုလုပ်ရန် စီစဉ်နေသော စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အတွက် နည်းပညာအပါအဝင် အကူအညီများ ပံ့ပိုးနေပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီကလည်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဟု ပြောဆိုထားကြောင်း သိရသည်။

“ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ရင်တော့ စစ်ကောင်စီကို နည်းပညာပိုင်းဆိုင်ရာ ကူညီပေးတာတွေ ရှိနေတော့ ဒီရလဒ်နဲ့ ပတ်သက်ပြီး သတိထားစောင့်ကြည့်ရမယ်လို့ ထင်တယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သို့သော် ထိုရွေးကောက်ပွဲနှင့် ပတ်သက်၍ တော်လှန်ရေး အင်အားစုများဘက်က နည်းမျိုးစုံဖြင့် အထ မမြောက်အောင် ပြင်ဆင်မှုများ ရှိလာ‌နေသည်ကို အိန္ဒိယအနေဖြင့် စောင့်ကြည့်ခြင်းမပြုဘဲ အစော တလျင် လုပ်ဆောင်ခြင်းဖြစ်ကာ အရှက်ရဖွယ်ဖြစ်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့သည် ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်၌ တီယန်ကျင်းမြို့တွင် သီးခြားတွေ့ဆုံစဉ် ရွေးကောက်ပွဲအား ထောက်ခံ၍ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်သွားမည်ဟု မိုဒီက ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် တရုတ်နိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားသို့ တက်ရောက်လာစဉ် ယခုကဲ့သို့ သီးခြားတွေ့ဆုံခြင်းလည်း ဖြစ်သည်။

ယင်းတွေ့ဆုံမှုတွင် နယ်စပ်‌ဒေသတည်ငြိမ်ရေး၊ ကုန်သွယ်ရေး၊ မြေရှားသတ္တုတူးဖော်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး စသည့်ကဏ္ဍစုံ၌ ပူးပေါင်းများ ဆက်လက်မြှင့်တင်သွားရန်နှင့် မြန်မာနိုင်ငံအား SCO အဖွဲ့ဝင်ဖြစ်‌စေရေး အိန္ဒိယမှ ထောက်ခံပေးလျက်ရှိဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အမေရိကန်က မြေရှားသတ္တုကို တစ်အားစိတ်ဝင်စားတဲ့အပေါ်မှာ သူနဲ့ မပြေမလည်ဖြစ်နေတဲ့ အိန္ဒိယက နှစ်ဖက်ဆွေးနွေးညှိနှိုင်းတဲ့အခါ စွဲဆောင်မှုတစ်ခုအနေနဲ့ အသုံးချဖို့ သက်သက်ပဲလို့ မြင်ပါ တယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာ့မြေရှားကို အမှန်တကယ် စိတ်ဝင်စားပြီး ယင်းတို့၏ လိုအပ်ချက် ဖြစ်နေပါလျှင် ယခင်ကတည်းက စစ်ကော်မရှင်အပါအဝင် သက်ဆိုင်ရာ ERO များနှင့် ဆွေးနွေးညှိနှိုင်း၍ ရနိုင်မည့်အခွင့်အလမ်းများ ရှိနေခဲ့ကြောင်း ဆလိုင်းဒိုခါရ်က သုံးသပ်ထောက်ပြသည်။

ယင်းအပြင် မြန်မာ့မြေရှားသတ္တု ထူးဖော်ရာဒေသများကို ERO များဖြစ်ကြသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)နှင့် မိုင်းလားတပ် (ခေါ်) အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)တို့က ထိန်းချုပ်ထားသည်။

အဆိုပါနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ အတွက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို လောင်စာဖြည့်ပေးမည့် နောက်ထပ်စစ်လက်နက် များ ပေးအပ်မည့် အဓိပ္ပါယ်သက်ရောက်ကြောင်း Justice For Myanmar ထံမှ သိရသည်။

ထို့အပြင် စစ်ကော်မရှင်ကို အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယအစိုးရနှင့် ၎င်း၏ကုမ္ပဏီများသည် စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ၊ နည်းပညာ၊ ဒရုန်းရန်ကာကွယ်ရေး ရေဒါများ(LLLWR)နှင့် လောင်စာဆီများကို ရောင်းချပံ့ပိုးခဲ့ကြောင်း သိရသည်။

အိန္ဒိယကဲ့သို့ တရုတ်နိုင်ငံသည်လည်း စစ်ကော်မရှင်ကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုများ ပေးအပ်နေပြီး သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင်တို့ တရုတ်နိုင်ငံတွင် တွေ့ဆုံရာ၌ တိုးမြှင့် ပူးပေါင်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က နယ်စပ်လုံခြုံရေး၊ မြန်မာ့ပြည်တွင်းရေးနှင့် ရွေးကောက်ပွဲ စသည်တို့အတွက် အကူအညီများအပါအဝင် မဟာဗျူဟာပူးပေါင်းမှုများ တိုးမြှင့် လုပ်ဆောင် သွားမည်ဟု စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ခုခံတော်လှန်မှုများကြောင့် စစ်ကော်မရှင်သည် နယ်စပ်ဒေသအများစုကို လက်လွှတ် ထားရပြီး မြန်မာ-အိန္ဒိယနယ်စပ်တွင်လည်း ၎င်း၏ ထိန်းချုပ်နိုင်မှု နည်းပါးကာ စစ်ရေးပြင်းထန် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ကုန်သွယ်ရေးများ ရပ်တန့်နေကြောင်း သိရသည်။

ဓာတ်ပုံ – MOI