‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၂ ရက်

‎ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့တွင် စစ်ကော်မရှင်က ပထမအသုတ်အဖြစ်ရွေးကောက်ပွဲကျင်းပမည့်အတွက် နယ်မြေစိုးမိုးမှုရယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

‎မာန်အောင်နှင့် ရမ်းဗြဲကျွန်းပတ်ချာလည်ကမ်းမြှောင်ဒေသတွင် စစ်သင်္ဘောများ အများအပြားနေရာယူလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

‎မာန်အောင်ကျွန်းနှင့် ရမ်းဗြဲကျွန်းကြားကို စိုးမိုးမှုရယူနိုင်ရန် စစ်သင်္ဘောများ ကင်းပတ်နေပြီး ‎ကျောက်ဖြူမြို့နယ်ကို ရပ်နားနေရာယူထားသည့် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။

‎”ကျောက်ဖြူကို အဓိကထားပြီး ငြိမ်ကျသွားအောင် စစ်တပ်က လုပ်ချင်တာပေါ့နော်။ မေလလောက်ကအသိမ်းခံရတဲ့ နေရာတွေကို ပြန်ပြီး နေရာယူနိုင်လာတော့ ကျန်နေရာတွေအတွက်ပါ အင်အားပြည့် စစ်ကြောင်းတက်လာတယ်။ ဒီဇင်ဘာမှာ ကျောက်ဖြူ တနယ်လုံးရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ပြီးခဲ့သည့် ဩဂုတ် ၂၉ရက်နေ့က စစ်ကော်မရှင်၏ စစ်သင်္ဘောတစ်စီးကို AA က ဟောင်ဝစ်ဇာဖြင့်ပစ်ခတ်ရာ ထိမှန်မီးလောင်ကျွမ်းပြီး မောင်းပြေးရသည့်ဖြစ်စဉ်ရှိခဲ့သည်။

‎လာမည့် ဒီဇင်ဘာ ၂၈ တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကျောက်ဖြူမြို့နယ်ကို အလုံးစုံစိုးမိုးနိုင်ရေး စစ်ကော်မရှင်က ကြိုးပမ်းနေပြီး ဆုံးရှုံးနယ်မြေများပြန်လည်ရရှိရန် အင်အားအလုံးအရင်းဖြင့် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလျက်ရှိသည်။

‎စစ်တွေဘက်တွင်လည်း ပုဏ္ဏားကျွန်းနှင့် ရမ်းဗြဲကို ပြန်လည် ထိန်းချုပ်မှုရယူရန် အစီအမံများပြုလုပ်ပြီး ပုဏ္ဏားကျွန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး အဓိကဆက်သွယ်ရေးအတွက် မင်းချောင်းတံတားကိုပါပြန်လည်ပြင်ဆင်ပြီး အခိုင်အမာစစ်ပြင်နေကြောင်း ဒေသခံများထံမှ သိရသည်။

‎ကျောက်ဖြူမြို့နယ်ကိုလည်း ရေကြောင်း၊ လေကြောင်းမှ လူအင်အားပို့ဆောင်ဖြည့်တင်းပြီး ဆုံးရှုံးနယ်မြေနှင့် စစ်စခန်းများပြန်လည်ရယူရန် အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသော်လည်း AA၏ တန်ပြန်ထိုးစစ်ကြောင့် စစ်ကော်မရှင်တပ်မှာ ထိခိုက်သေဆုံးမှုများနေကြောင်း သိရသည်။

‎မာန်အောင်ရှိ မျှော်တော်ဦးရေတပ်တွင်လည်း စစ်သင်္ဘောများလှည့်လည်နေစေပြီး မာန်အောင်လေဆိပ်ကို လုံခြုံရေးအပြည့်ယူထားသည့်အပြင် ပြီးခဲ့သည့်နှစ်အတွင်းမှစ၍ ခအုံးမော်ကျေးရွာနှင့်ကမ်းခြေရွာများကို စစ်ကြောင်းထိုးကာ မိုင်းကွင်းများပြုလုပ်၍ စစ်ပြင်ဆင်ထားခြင်းဖြစ်သည်။